ဖားအံနှင့် ကော့ကရိတ်မြို့နယ်တွင် မြေပဲစျေးမရှိ၍ တောင်သူများ အခက်ကြုံ

ဖားအံနှင့် ကော့ကရိတ်မြို့နယ်တွင် မြေပဲစျေးမရှိ၍ တောင်သူများ အခက်ကြုံ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့၌ ယခုနှစ် မြေပဲထွက်ရာသီတွင် လာရောက်ဝယ်ယူသူနည်းနေပြီး စျေးလည်းမရှိသောကြောင့် မြေပဲစိုက်ပျိုးရေးလုပ်ကိုင်သည့်ကိုင်းစိုက်တောင်သူများက အခက်ကြုံနေကြရသည်။

သံလွင်မြစ်ကမ်းနားတစ်လျှောက်ရှိ ဆယ်အိမ်စု၊ မင်းဇီ၊ ပေါ့ထော်၊ မုက္ကဒိ၊ ဖားနွဲ့ကျွန်း၊ ခဲတောက်၊ တရုတ်လှ၊ ကော့ကျိုက်၊ ကော့လှိုက် စသည့် ကျေးရွာတော်တော်များများတွင် မြေပဲကို အဓိက စိုက်ပျိုးကြပြီး ယခုကာလတွင် ဆောင်းမြေပဲ အများအပြား ထွက်ရှိသည့် ရာသီဖြစ်သည်။

ဆောင်းမြေပဲ လိုက်လံဝယ်ယူသူများသည် ယခင်နှစ်ကထက် သိသိသာသာ နည်းလာသည့်အပြင် ဖားအံမြို့ရှိ မြေပဲအဝယ်ဒိုင်များပါ အဝယ်ပါးလာခြင်းကြောင့် မြေပဲဈေးထိုးကျနေခြင်းဖြစ်သည်ဟု စိုက်တောင်သူများက ပြောသည်။

ဖားနွဲ့ကျွန်းမှ တောင်သူတစ်ဦးက “စပေါ်ချိန်က ဖားအံဘက်ကို သူပို့၊ ငါပို့ပဲလေ။ ရန်ကုန်ဘက် ကုန်လမ်းကြောင်း ပေါက်တော့လေ။ နောက်တော့ လမ်းကြောင်းမပေါက်တော့ အတော်လေး အခက်တွေ့သွားတယ်။ စျေးလည်းကျတယ်။ ဖားအံက ဒိုင်တွေလည်း မဝယ်ကြတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ အဆိုပါ မြေပဲစိုက်တောင်သူများသည် နုတ်ချွေထားသည့် မြေပဲ တောင့်အစိုများကိုသာ အဓိက အရောင်းအဝယ် ပြုလုပ်ကြသည်။ ယခင်နှစ်က မြေပဲတစ်တင်းလျှင် ကျပ်လေးသောင်းအထိစျေးရှိသော်လည်း လက်ရှိတွင် တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ သုံးသောင်းဝန်းကျင်သာ စျေးရှိသည်ဟု သိရသည်။

ဆောင်းမြေပဲ အများအပြား စိုက်ပျိုးကြသည့် ကော့ကရိတ်မြို့နယ်ဘက်တွင်လည်း ယခုနှစ်တွင် အလားတူ မြေပဲစျေးနှုန်းမရှိ၍ အရောင်းအဝယ် အဆင်မပြေကြောင်း ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာမှတဆင့် မြေပဲပို့ဆောင်သည့် ကုန်သည် နန်းမူမူးက ပြောသည်။

“ဒီနှစ်က စျေးမရှိဘူး။ ဝယ်ပြီး ဟိုမှာပို့ရင် စျေးက ထပ်ကျတော့ အဆင်မပြေဘူး။ ပြီးတော့ မြေပဲ အိတ်ဖိုးတွေကလည်း စျေးတက်တော့ မကိုက်ဘူး။ အဲဒါကြောင့် ဒီနှစ်က ခဏနားထားတယ်” ဟု နန်းမူမူးက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် ထွက်သော မြေပဲများကို ရန်ကုန်နှင့် ထိုင်းနယ်စပ်ဒေသများသို့ အများဆုံး တင်ပို့ကြသည်။ သို့သော်လည်း လက်ရှိ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် ကုန်သွယ်ရေးလမ်းများ ပိတ်နေပြီး ကုန်သည်များလည်း အရောင်းအဝယ်ရပ်ထားရမှုများရှိလာသည်ဟု သိရသည်။

February 2, 2026
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံနေရသည့် အမှုပေါင်း ၂၀၉...
February 2, 2026
မန်းကိုကို — လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။...
January 31, 2026
စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည်...
January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...