စစ်ကော်မရှင်ရွေးကောက်ပွဲ တရားဝင်မှုမရှိကြောင်း ချင်းအပါအဝင် ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်များ ပူးတွဲကြေညာ

စစ်ကော်မရှင်ရွေးကောက်ပွဲ တရားဝင်မှုမရှိကြောင်း ချင်းအပါအဝင် ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်များ ပူးတွဲကြေညာ

အာဏာသိမ်းစစ်ကော်မရှင်က ဒီဇင်ဘာလ နှင့် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် တရားဝင်မှု မရှိကြောင်း ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားပြုကော်မတီများက ဇန်နဝါရီလ ၂၉ ရက် ပူးတွဲကြေညာသည်။

စစ်ကော်မရှင်က အပိုင်း သုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် တရားဝင်မှု မရှိကြောင်း၊ လွတ်လပ်၍ တရားမျှတ‌စွာ ကျင်းပခဲ့သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုက တခဲနက် ထောက်ခံဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခဲ့သော သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ပူးတွဲကြေညာချက်တွင် တောင်းဆိုထားသည်။

စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲသည် နည်းမျိုးစုံ ခြိမ်းခြောက်အကြပ်ကိုင်းမှုဖြင့် လူထုကို မဲပေးရန် ဆောင်ရွက်သည့်ကြားမှ မဲပေးသူ လွန်စွာနည်းပါးသော်လည်း ရွေးကောက်ပွဲ အောင်မြင်သည်ဟု နိုင်ငံတကာကို လိမ်ညာထုတ်ပြန်နေသည်ဟု ထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူတို့ အပ်နှင်းလိုက်သော အာဏာကို ဆက်လက်ကျင့်သုံးပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီအပါအဝင် ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းကာ လွှတ်တော်လုပ်ငန်းစဉ်များ ယနေ့အထိ ဆက်လက် လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါလွှတ်တော်တို့သည် နိုင်ငံတကာ ရပ်ဝန်းနှင့်လည်း တရားဝင် ချိတ်ဆက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး လွတ်မြောက်နယ်မြေအများစုတွင် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ လူမှုအကျိုးစီးပွားအလို့ငှာ ကြားကာလ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု သိရသည်။

စစ်ကော်မရှင်၏ လက်ရှိရွေးကောက်ပွဲများကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာမှလည်း အသိအမှတ် မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲတွင် စစ်အုပ်စု၏ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်မှုများကြောင့် ဆန္ဒမပါဘဲ မဲပေးခဲ့ရသော ပြည်သူများကို စာနာ နားလည်ပေးပါကြောင်း အဆို ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကော်မရှင်သည် လာမည့်မတ်လအတွင်း လွှတ်တော် စတင်ခေါ်မည်ဖြစ်ပြီး ဧပြီလထဲတွင် အစိုးရသစ် ဖွဲ့မည်ဟု သတင်းမီဒီယာတချို့ကို ဖြေကြားထားသည်။

စစ်အုပ်စုနှင့် ၎င်းတို့အပေါ် ဩဇာသက်ရောက်မှုရှိသော နိုင်ငံအချို့သည် မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြု၍ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် သယံဇာတနှင့် ပထဝီနိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို အပေးအယူလုပ် အားပေးကူညီနေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်သည်ဟု ထုတ်ပြန်သည်။

စစ်အာဏာရှင်ကို တော်လှန်းနေသည့် ချင်း၊ မွန်၊ ရှမ်း၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး စသည့်တို့မှ ပြည်နယ်နှင့်တိုင်း/ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (၁၃) ခုက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

 

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...