မွတ်ဆလင် ၄၀၀ နီးပါးကို စစ်တွေတွင် စစ်ကောင်စီ ဖမ်းဆီးထားဆဲ

မွတ်ဆလင် ၄၀၀ နီးပါးကို စစ်တွေတွင် စစ်ကောင်စီ ဖမ်းဆီးထားဆဲ

မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်မှ စက်လှေဖြင့် ထွက်လာသူများနှင့် စစ်တွေမြို့မှ စစ်ကောင်စီ ဖမ်းဆီးထားသည့် မွတ်ဆလင် စုစုပေါင်း ၄၀၀ နီးပါးမှာ စစ်တွေမြို့တွင် ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။

ထိုမွတ်ဆလင်များမှာ ယခုလအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်တွေတွင် ထိန်းသိမ်းခံထားရသည်မှာ လက်ရှိတွင် တစ်လနီးပါးရှိလာပြီ ဖြစ်သည်။

“ပင်လယ်မှာ ဖမ်းတဲ့သူတွေရော၊ မြို့ထဲက ဖမ်းတဲ့သူတွေရော အကုန် ၄၀၀ နီးပါးရှိတယ်။ အကျဉ်းထောင်မှာ ထားတာတွေရှိသလို ထောင်ထဲက ကိုဗစ်လူနာတွေထားတဲ့အဆောင်တွေမှာထားတာ အပြင်က မြင်ရတယ်” ဟု စစ်တွေမြို့ခံ မွတ်ဆလင်အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံရသည့် မွတ်ဆလင် ၂၄၈ ဦးထဲမှ အသက်မပြည့်သူ ၂၈ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒုက္ခသည်စခန်း ကော်မတီထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူ ၂၈ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်းစီ စစ်ကောင်စီထံ ပေးဆောင်ခဲ့ရကြောင်းလည်း စစ်တွေဒေသခံ မွတ်ဆလင်များထံမှ သိရသည်။

စစ်တွေရှိ မွတ်ဆလင်များမှာ စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှု၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်း ခံရမှုများရှိနေပြီး လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးသူ အများအပြားရှိနေသည်။

တစ်ဖက်တွင် မွတ်ဆလင် စစ်မှုထမ်းများမှာ တပ်တွင်း ဖိနှိပ်မှုများကို မခံနိုင်၍ ထွက်ပြေးမှုများ ရှိနေပြီး ထိုသို့ ထွက်ပြေးသူများကိုလည်း စစ်ကောင်စီက အပူတပြင်းလိုက်လံရှာဖွေလျက် ရှိနေသည်။

လက်ရှိ စစ်တွေမြို့သို့ မွတ်ဆလင်အရေးနှင့်ပတ်သက်၍ နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့တစ်ခု ရောက်နေကြောင်း သိရသည်။

ထိုစစ်ဆေးအဖွဲ့မှ မေးမြန်းလာပါက မွတ်ဆလင်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို အခကြေးငွေမယူဘဲ လုပ်ဆောင်ပေးနေကြောင်း ဖြေကြားရန် ပွဲစားများ ဒေသခံ မွတ်ဆလင်များအား အသိပေးထားကြောင်း ဆိုသည်။

“ICJ ကိစ္စနဲ့ပတ်သက်လို့ ထင်တယ်။ အခုတလော မွတ်ဆလင်အရေးကို နေပြည်တော်က လာစစ်တာတွေ ရှိတယ်။ ဘာတွေလုပ်ကြလဲ မသိပေမယ့် လဝကနဲ့ ပတ်သက်လို့ မွတ်ဆလင်တွေဆီက ပိုက်ဆံဘာမှ မယူဘဲ ဝန်ဆောင်မှုတွေ လုပ်ပေးနေတယ်လို့ ပွဲစားတွေက ဖြေခိုင်းထားတယ် ကြားတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့ရှိ ဒေသခံများမှာ စစ်ကောင်စီ၏ အဖက်ဖက်မှ ပိတ်ဆို့ဖြတ်တောက်မှုဒဏ်ကို ခံနေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေးစသည့် လူမှုဘဝ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။  

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...