လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး

လောင်းလုံးမှာ ဒရုန်းဗုံးကျလို့ အမျိုးသမီးသုံးဦး သေဆုံး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းကြီးကျေးရွာမှာ မဲပေးစက် လာပို့ပြီး ပြည်သူတွေ မဲပေးကြဖို့ စည်းရုံးရေးဆင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ဇန်နဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့က ကြဲချလိုက်တဲ့ ဒရုန်းဗုံးသီးဟာ စစ်ကော်မရှင်တပ်ဖွဲ့ကို မထိဘဲ အနီးအနားရှိ နေအိမ်တစ်ဆောင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် စခန်းကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဒေါ်ချိုနဲ့ သမီးဖြစ်သူ မခင်မာအေးအပြင် ဒေါ်မာလာတို့ သုံးဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စခန်းကြီးကျေးရွာအုပ်စုအတွင်းရှိ တောရှည်ကျေးရွာအခြေစိုက် ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...