ရွေးကောက်ပွဲလုပ်မည့် ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

ရွေးကောက်ပွဲလုပ်မည့် ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့ မြောက်ပိုင်း အောက်ဘိုတဲ၊ နောင်ကိုင်းလမ်းပိုင်းသို့ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။

KNLA ရဲဘော်တစ်ဦးက “ကျွန်တော်တို့ KNU ပါတယ်။ နောက်ကိုကျော်ဟိန်းတို့ ကျားဖြူပါတယ်။ စစ်တပ်ဘက်က လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲဖြစ်တာပါ။ စစ်တပ်ဘက်ကတော့ လေကြောင်းလဲပါတယ်။ ဒရုန်းလဲပါတယ်” ဟု IMNA သို့ ပြောသည်။

အောက်ဘိုတဲလမ်းပိုင်းမှာ KNLA က သိမ်းပိုက်ထားသည့် ဒေသဖြစ်ပြီး အဆိုပါဒေသအား ထိန်းချုပ်နိုင်ရေး ကော့ကရိတ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၉၇) မှ စစ်ကြောင်းများ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြန်လည် စတင်ခဲ့သည်။

ကော့ကရိတ်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီနှင့် မွန်တိုးတက်ရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိသည်။

သို့ရာတွင် လက်ရှိ တိုက်ပွဲများကြောင့် မြို့ပေါ်ရပ်ကွက်များတွင်သာ ရွေးကောက်ပွဲ လုပ်နိုင်လောက်မည် ဖြစ်ကြောင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုက မှတ်ချက်ပြုသည်။

“ဒီနေရာတွေကတော့ အစောပိုင်းထဲက ကျွန်တော်တို့ တွေးထားပြီးသားပါ။ မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ အဓိက လုပ်နိုင်မယ်။ ကျွန်တော်တို့ဆိုရင် မြို့ပေါ်မှာတောင် မဲဆွယ်ဖို့က လုံခြုံရေးစိုးရိမ်ရတယ်။ နယ်တွေဆိုတာ ဝေးပါတယ်။ မလွယ်ဘူး။” ဟု ဆိုသည်။

ကော့ကရိတ်မြို့နယ်သည် ကျေးရွာပေါင်း ၆၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ဒေသဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်လက်နက်ကိုင်အဖွဲ့များစွာ လှုပ်ရှားလျက်ရှိသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...