ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း နည်းပါးကြောင်း သစ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိ ရခိုင်သစ်ဈေးမှာ အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်နေကာ ပျဉ်းကတိုး သစ်တစ်တန်ကို တိုက်ပွဲမဖြစ်ခင်က သိန်း (၃၀) ကျော် ရှိခဲ့ပြီး ယခုအခါ ကျပ်သိန်း (၈၀) ထိ ပေါက်ဈေး ရှိနေသည်။
ယင်းအပြင် ငွေကျပ် (၁၀) သိန်းကျော်ရှိသော သစ်မာတစ်တန်ကို ကျပ်သိန်း (၄၀) နှင့် ယခင် ၇ သိန်း၊ ၈ သိန်းဝန်းကျင်ရှိသည့် သစ်ပေါ့ တစ်တန်လျှင် ငွေကျပ် သိန်း (၃၀) ကျော်ထိ ဈေးမြင့်တက်လျက်ရှိသည်။
ရခိုင်ပြည်ဒေသအတွင်း သစ်ခုတ်လဲမှုနည်းပါးခြင်းနှင့်အတူ သစ်ရောင်းဝယ်ရေးလုပ်ငန်းများလည်း နည်းပါးသဖြင့် ဒေသတွင်းမှာ သစ်ဈေးနှုန်း ထိုးတက်နေခြင်းဖြစ်ကြောင်း ရခိုင်က သစ်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ဆိုသည်။
“ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်တွေကလာတဲ့ သစ်တွေကသာ လူကြိုက်များတယ်။ အပင်ရင့်တဲ့ သစ်လုံးကြီးတွေ ဆိုတော့ ဈေးကောင်းရပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် အပါအဝင် ဆီ ဈေးတွေကြောင့် သစ်ဆွဲဘုတ်တွေက မရောက်ဖြစ်ဘူး။ ရေလမ်းကြောင်းကိုလည်း ကန့်သတ်ထားတာကြောင့် မှာယူလို့ မရပါ” ဟု ရခိုင်က သစ်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းဒဏ်အပြင် စစ်ရေးပဋိပက္ခအတွင်း နေအိမ်၊ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်ရန် စိန်ခေါ်မှုရှိနေကြသည်။
ယင်းကြောင့် မိုခါနှင့် စစ်ရေးကြား နေအိမ်ပျက်စီးခဲ့ရသူများမှာ ယခုအခါ ပြန်လည်တည်ဆောက်လိုကြသော်လည်း သစ်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် မိုးလုံလေလုံ နေထိုင်ရေး အခက်အခဲများရှိနေသည်ဟု ဆိုကြသည်။
“အိမ်က မိုခါမှာ အကုန်လုံးနီးပါ ပျက်စီးသွားပါတယ်။ တောတောင်က သစ်ခုတ်၊ ဝါးခုတ်ပြီး အိမ်ဆောက်ထားတာ အခုက ပြန်ပျက်စီးသွားတာကြောင့် ထပ်မဆောက်နိုင်တော့ဘူး။ အိမ်ဆောက်ဖို့ ပစ္စည်းလည်း မဝယ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် အိမ်ကို ပြုပြင်ကာ နေရပါတယ်” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်မှ သစ်တောများသည် မိုခါမုန်တိုင်းအပါအဝင် သစ်မှောင်ခိုသမားများ၏ ခိုးထုတ်မှုများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာနေသဖြင့် ULA/AA က စည်းကမ်းချက်ထုတ်ပြန်ကာ ထိန်းသိမ်းမှုများလုပ် ဆောင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီလက်ထက်က ရခိုင်တွင် သစ်ခိုးထုတ်မှုကို ငွေပေးကာ နည်းလမ်းအမျိုးမျိုးနှင့် လုပ်ဆောင်ခဲ့ကြပြီး ယခုအခါ သစ်တောပြုန်းတီးလာမှု နောက်ဆက်တွဲ နှစ်စဉ်နှစ်တိုင်း ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ဒေသခံများ ရင်ဆိုင်နေကြရသည်။
ပြည်နယ်သစ်တောဦးစီးဌာန၏ ၂၀၂၀ ခုနှစ် စာရင်းအရ ရခိုင်တွင် သစ်တောဧရိယာ စုစုပေါင်း ၂,၇၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။







