အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို MZP နှင့် ZORO က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို MZP နှင့် ZORO က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂ (MZP) နဲ့ Zo Re-unification Organization (ZORO) အဖွဲ့တို့က အိုင်ဇောလ်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ Vanapa Hall ရှေ့မှာ ယနေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီမှာ ငြိမ်းချမ်း စွာစုရုံးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“အိန္ဒိယအစိုးရက မိမိတို့ညီအကိုတွေကို ပိုင်းခြားစေမယ့် တံတိုင်းကြီးကို နယ်စပ်တစ်လျှောက်မှာတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်၊ ဒါကြောင့် ကျနော်တို့ MZP နဲ့ ZORO အနေနဲ့ ဒီလို မိမိတို့ညီအကိုတွေကို ခြားနားစေမယ့် တံတိုင်းကြီးတည်ဆောက်မှုကို လက်မခံပါဘူး၊ ဒါကြောင့် ဆန့်ကျင်ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP ဥက္ကဋ္ဌ Dr. C.Lalremruata ကပြောသည်။

အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံကြား အထူးသဖြင့် မီဇိုရမ်ပြည် နှင့် ချင်းပြည်နယ်ကြားမှာ နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်ခြင်းသည် တိုင်းပြည် နှင့် လူမျိုးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး သွေးသားတော်စပ်သော ညီအကို များကို ပိုင်းခြားရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု MZP နှင့် ZORO တို့က ပြောဆိုသည်။

“ဘုရားသခင်က ပေးအပ်ထားတဲ့ ဒီမြေဒီရေပေါ်မှာ မိမိတို့ညီအကိုတွေကို ခြားနားစေမယ့် တံတိုင်းကြီးထားရှိဖို့ ခွင့်မပြုပါဘူး၊ ဘုရားသခင်ရဲ့အလိုတော်နှင့်အညီ မိမိတို့ ဇိုး(ချင်း) လူမျိုးတွေ အုပ်ချုပ်မှုတစ်ခုအောက်မှာ အတူတကွပြန်လည် ပေါင်းစည်းနေထိုင်ဖို့ မျှော်မှန်းနေကြတဲ့အချိန်မှာ မိမိတို့ကိုဝေးကွာစေနိုင်မယ့် ဘယ်အရာကိုမှ ခွင့်ပြုမှာမဟုတ်ပါဘူး၊ ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်ခြံစည်းရိုးခတ်မယ့်အစီစဉ်ကို ပြန်ရုပ်သိမ်းဖို့ ကျနော်တို့တောင်းဆိုပါတယ်” ဟု MZP ဥက္ကဋ္ဌက ပြောသည်။

ဆန္ဒပြပွဲတွင် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကြား နယ်စပ်ခြံစည်းရိုးခတ် မည့်အစီစဉ် မလိုမရှိကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရက နယ်စပ်ခြံစည်းရိုးခတ်မည့်စီမံကိန်းကို ပြန်လည်ရုပ်သိမ်းရန်၊ ဇို (ချင်း) လူမျိုးများအား ပိုင်းခြားခြင်း အလိုမရှိကြောင်း နှင့် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆက်လက် ဆန့် ကျင်သွားမည်ဟု ပြိုင်တူကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြလှုပ်ရှားမှုများသည် ထိရောက်မှုမရှိပါက အိန္ဒိယဗဟိုအစိုးရ၏ ဆောင် ရွက်ချက်များကို အဆုံးစွန်ထိ ဆက်လက်ဆန့်ကျင်သွားမည်ဟု MZP နှင့် ZORO အဖွဲ့တို့က ပြောသည်။

အိန္ဒိယဗဟိုအစိုးရသည် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံကြား လွတ်လပ်စွာသွားခွင့် စနစ် ကိုဖျက် သိမ်းပြီးနောက် ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်ကို ခြံစည်း ရိုးခတ်ရန် စီစဉ်လျှက်ရှိပြီး မဏိပူရ်ပြည်နယ်ဘက်တွင် စတင်နေပြီဖြစ်ကြောင်းသိရသည်။

April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...
April 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃)ရက်နေ့က...
April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...