ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး အင်အားဖြည့်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ် ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ၂ ရက်တိုက်တက်တိုက် စစ်ကောင်စီတပ်က ခေါင်လန်ဖူးမြို့နယ်ဘက်ကို Y-8 ထောက်ပို့လေယာဉ်နဲ့ စစ်သည်အင်အား ၂၀၀ ကျော်ပို့ဆောင်ထားကြောင်း ခါကာဘိုပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ရေးကတော့ သိပ်မထူးခြားသေးဘူး။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်နေ့ကတော့ စကစတွေပူတာအိုဘက်ကနေခေါင်လန်ဖူးထဲကို စစ်သား ၂၀၀ ကျော်လောက်လာပို့သွားတယ် Y8 နဲ့။ သူတို့စစ်ကြောင်းပြန်ထိုးမလားစောင့်တော့ကြည့်ရမယ်”လို့ အသက် ၅၀ အရွယ် အထက်ဖော်ပြပါအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
ပူတာအိုအခြေစိုက် ခ.လ.ရ ၄၆ တပ်ကနေ ခေါင်လန်ဖူးဘပ်ပို့ထားတဲ့ စစ်သည်အင်အားနဲ့လက်နက်ခဲယမ်းတွေကို ကုန်ကြောင်းကနေတဆင့် ဆိုင်ကယ်သုံးပြီးခေါင်လန်ဖူးမြို့ပြင်ဘက်က ရှေ့တန်းစခန်းတွေဆီ ပို့ဆောင်နေကြောင်းခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ခေါင်လန်ဖူးမြို့အထွက် ဆော့်လော်လမ်းခွဲဘက်ကစခန်းတွေပေါ့ အဲ့မှာတော့ဆိုင်ကယ် ကယ်ရီနဲ့ လက်နက်ကြီးကျည်တွေ၊ကျည်ဆံတွေပို့တယ် စားနပ်ရိက္ခာတွေကစပေါ့ Y8နဲ့ရောက်လာတဲ့ဟာတွေကိုတဆင့်ပြန်ကယ့်တာပေါ့ရှေ့တန်းကို”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ခေါင်လန်ဖူးဘက်ကိုပို့ဆောင်ထားတဲ့ စစ်အင်အား ၂၀ ဝန်းကျင်မှာ ပူတာအိုနဲ့ခေါင်မွန်မြို့နယ်ထဲက ပြည်သူ့စစ်ထဲမဝင်မနေရစနစ်နဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ်တွေလည်း အများအပြားပါဝင်နေကြောင်း သိရပါတယ်။
“အောက်ပိုင်းကတက်လာတဲ့စစ်သားတွေလည်း ပါတယ်။ နောက်ပြီး နောင်မွန်နဲ့ ပူတာအိုဘက်ရွာတွေထဲက ဆွဲခေါ်ပြီး သင်တန်းပြီးထားတဲ့ကလေးတွေလည်း ပါတယ်တဲ့။ သူတို့က နောင်မွန်မြို့ပေါ်မှာလည်း ပေးတယ်ပူတာအိုမှာလည်းပေးတယ်။ ပြီးရင် ဒီဘက်(ခေါင်လန်ဖူး)ဘက်ရှေ့တန်းကိုပို့တာ”လို့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပူတာအို၊ နောင်မွန်မြို့နယ်တွေထဲကကျေးရွာတွေဘက်မှာ ရဝမ်ပြည်သူ့စစ်က ကျေးရွာနေလူငယ်တွေကို ပြည်သူ့စစ်ထဲအတင်းအဓမ္မခေါ်ဆောင်တာတွေအများအပြားရှိနေကြောင်းနဲ့ အဓမ္မခေါ်ဆောင်ခံရတဲ့ လူငယ်တွေရဲ့မိဘတွေကလည်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံစာရင်းပေးတိုင်တန်းထားမှုတွေရှိကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ KIA၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ခေါင်လန်ဖူး၊ ဆော့လော်မြို့နယ်အစပ်ထဲကလာဟီဆင်မဆုတ်တမ်းခံစစ်စခန်းနဲ့ လန်ဆယ်ရွှေမှော်ဒေသတွေကိုပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အင်အား ၄၀၀ ကျော်နဲ့ထိုးစစ်ဆင်ခဲ့ပေမယ့် အရေးနိမ့်ပြီး ပြန်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေပြောပြချက်အရ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ယခုနှစ်ဆန်းပိုင်းအတွက် လာဟီဆင် နဲ့လန်ဆယ်ဘက်ကို ထိုးစစ်ပြန်ဆင်ဖို့စစ်ရေးပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တို့ မနှစ်က စက်တင်ဘာလမှာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ရှူံးနိမ့်တဲ့နောက်ပိုင်းမှာတော့ ခေါင်လန်ဖူးမြို့ပေါ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲက ဗျူဟာမှူးကိုယ်ထိုင်ပြီး စစ်ရေးကွပ်ကဲနေတယ်လို့ဆိုရပါဆယ်။
ခေါင်လန်ဖူးမြို့ပေါ်မှာ ဗျူဟာမျူးထိုင်တဲ့နောက်ပိုင်းကနေစပြီး ပူတာအိုနဲ့ခေါင်လန်ဖူးကြားမှာ ဟတ်စကီး၊ ဂျက်ဖိုက်တာတွေတစ်ပတ်ကို အနည်းဆုံး သုံးကြိမ်ထက်မနည်းအသွားအပြန်ရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။
လက်ရှိစစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေပြန်လည်သိမ်းယူဖို့ကြိုးပမ်းနေတဲ့ လာဟီဆင်စခန်းကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ သိမ်းပိုက်ခဲ့တာဖြစ်ပြီး လန်ဆယ်မြို့ကိုတော့ ၂၀၂၄ခုနှစ် အောက်တိုဘာလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးဒေသကနေ လန်ဆယ်၊ချီဖွေ၊ပန်ဝါဘက်တွေအထိကုန်းကြောင်းကနေထိုးဖောက်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာကြောင့် စစ်ကောင်စီနဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေအတွက်အရေးပါသလို တစ်ဖက်မှာလည်းလန်ဆယ်၊ ချီဖွေနဲ့ပန်ဝါကိုထိန်းချုပ်ထားတဲ့ KIA နဲ့ပူးပေါင်းတပ်တွေအတွက် စစ်ရေးအရအရေးပါနေတာဖြစ်ပါတယ်။







