သထုံခရိုင်တွင် ရွာနှစ်ရွာ ဂျက်ဖိုက်တာ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုရှိ

သထုံခရိုင်တွင် ရွာနှစ်ရွာ ဂျက်ဖိုက်တာ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုရှိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ – ၂၁ ရက်နေ့) က စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့၍ ဥယျာဉ်ခြံနေရာနှင့် ဘုန်းကြီးကျောင်းအဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သထုံခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စု၊ ကျုံစိန်ရွာသို့ စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင်၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ လုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဥယျာဉ်ခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့သည်။

ထိုနေ့တစ်ရက်တည်း နေ့ လည် ၁၂နာရီဝန်းကျင်ကလည်း ကျိုက်ထို မြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ချောင်းဝရွာသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ရွာအပြင်သုဿန်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ဆိုင်ကယ် ၁စီး ဗုံးစ ထိမှန် ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအပါအဝင် ကေအဲန်ယူသထုံခရိုင်က ဆိုသည်။

ကျိုက်ထိုမြို့နယ်နေ အမျိုးသမီးတစ်ဦးက “ညနေ ၃ နာရီဝန်းကျင်လောက်မှာ လေယာဉ်ပျံလာတာ တော်တော်လေးနိမ့်တယ်။ ပြီးတော့ အုတ်ဂူတွေဘက်မှာ ပစ်သွားတယ် ကြားတယ်။ အထိအခိုက်တော့ မကြားမိသေးဘူး။ ဘာလို့ဆို ရွာထဲမှာ လူတွေမရှိတာကြာပြီလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ဗုံးကြဲခံရသည့်ရွာတဝိုက်မှာ ယခင်ကလည်း စစ်အုပ်စုက ဒရုန်းဗုံးအပြင် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လေ့ရှိသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေရပ်အတည်တကျပြန်မနေရဲသည့် နေရာများဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ထို့အတူ စစ်အုပ်စု၏ သိမ်ဇရပ်မြို့အခြေစိုက်သည့် အမှတ်- ၃၁၀ အမြောက်တပ်မှ လက်နက်ကြီး ၁၂၀ မမ (၃)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာနှင့် ချောင်းဝရွာ အနီးတဝိုက် အရပ်သားပြည်သူများ၏ လုပ်ကိုင်စားသောက်ရာနေရာများသို့ ကျရောက် ပေါက်ကွဲခဲ့သေးသည်ဟုလည်း သထုံခရိုင်ဘက်က ဆိုသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...