မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ရမယ့် အခြေအနေရှိနေတယ်လို့ ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန RICE က သုံးသပ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ RICE ရဲ့ အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်အရ စစ်ရေးကဏ္ဍမှာ ရေးမြို့နယ်နဲ့ပတ်သက်တဲ့ စစ်ရေးဖြစ်စဉ်တွေနဲ့ ဖြစ်တန်ခြေ အလားအလာတွေကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ရေးမြို့နယ်ရှိ ဘရောင်း-ဘဲလမု-သူတော်ရွာ၊ ကနင်ကမော့-အောင်သာယာ-လိမ္မော်ခြံ၊ အာယုတောင်-ရွာသစ်-ရွာကလေး-ဝယ်ရဟိုင်း-လိပ်ပုတ်နဲ့ အာယုတောင်-စာကလယ်-တောင်ဘုံ-ပိုင်ဝမ်းကို လှည့်လည်စစ်ကြောင်းထိုးနေတာပါ။
ဒါဟာ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် ရေးမြို့နယ်ရဲ့ လုံခြုံရေးစိတ်ချရမှုကို ပြသဖို့ စစ်တပ်က စစ်ကြောင်းထိုးပြနေတယ်လို့ ကောက်ချက်ချနိုင်ကြောင်း RICE ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
လာမယ့်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အပိုင်း ၂ ရွေးကောက်ပွဲမှာ ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ စစ်တပ်ရဲ့ တပ်စခန်းတွေ အခြေစိုက်တဲ့ ကျေးရွာအုပ်စုတွေမှာ ပြုလုပ်သွားဖို့ ရှိနေတာပါ။
ဒါကြောင့် စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းနဲ့ အမြောက်တပ်တွေ အခြေစိုက်ရာ ကျေး ရွာအုပ်စုတွေဖြစ်တဲ့ ကလော့၊ ကုလားကုတ်၊ ကိုးမိုင်၊ ကျောင်းရွာ၊ တူးမြောင်းနဲ့ အာယုတောင်တို့မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ဒါပေမယ့် လုံခြုံရေးအရ လုံးဝ အားကောင်းတဲ့ နေရာတွေ မဟုတ်နေဘူးလို့ RICE အဖွဲ့က ထောက်ပြထားတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က ရေးမြို့နယ်အပါအဝင် နိုင်ငံအနှံ့မှာ တော်လှန်ရေးအဖွဲ့တွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို ဘယ်နေရာမှာပဲ လုပ်လုပ် လုံခြုံရေးစိတ်ချရတဲ့ အနေအထား မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲကတော့ နိုင်ငံရဲ့ ဘယ်နေရာမှာပဲ လုပ်လုပ်ပေါ့ လုံခြုံရေးအရ စိတ်ချရတဲ့ အနေအ ထားမျိုးတော့ မရှိပါဘူး။ ဘာဖြစ်လို့ အဲဒီလိုဖြစ်သလဲဆိုတော့ တစ်နိုင်ငံလုံး နေရာအနှံ့မှာ တော်လှန် ရေးအဖွဲ့တွေ နေရာတိုင်းမှာ ရှိနေတာဖြစ်တဲ့အတွက် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေး ကောက်ပွဲကို နေရာတိုင်းမှာ ဆန့်ကျင်ကြမှာ ဖြစ်တယ်။ ရေးမြို့နယ်တစ်ခုတည်းမှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအနေအထားအရလည်း စိတ်ချလုံခြုံယုံကြည်ရတဲ့ နေရာမျိုး မရှိပါဘူး”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် ၂၀၂ မြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဝန်ခံထားတာပါ။
အဲဒီထဲမှာ မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ ရွေးကောက်ပွဲ မကျင်းပမယ့် နယ်မြေတွေအဖြစ် ထုတ်ပြန်ထားပြီး ရေးမြို့နယ်မှာတော့ ကျေးရွာအုပ်စု ၃၀ ထဲက ၂၃ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာ ဖြစ်ပါတယ်။
ရေးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ NUG ရဲ့ နည်းဗျူဟာ (၃၃) ဒေါနတပ်ရင်းနဲ့ MSFC ရဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့ကလည်း ရွေးကောက်ပွဲကို ပြည်သူတွေ အထိခိုက်နည်းအောင် ဆန့်ကျင်သွားမယ်လို့ အရင်ကတည်းက ထုတ်ပြန်ထားတာပါ။
ဒါကြောင့် ရေးမြို့နယ်ဟာ ပဋိပက္ခဒေသတစ်ခုအဖြစ် ကျရောက်နေသလို ဒေသခံပြည်သူတွေအနေနဲ့ နှစ်ဖက်အင်အားစုတွေရဲ့ အားပြိုင်မှုအတွင်း စစ်ရေးအသိ၊စစ်ရေးသတိ ရှိကြဖို့ RICE က တိုက်တွန်းထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ ဒီရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့တဲ့ နွေဦးတော် လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာပါ။
ဒီအပေါ် ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်လာနိုင်မလားဆိုတာ သံလွင်တိုင်းမ်က မေးမြန်းကြည့်ရာမှာတော့ နိုင်တလနိုင်က အခုလို ပြောပါတယ်။
“SRA နဲ့ ပတ်သက်ပြီးတော့ SRA ထဲမှာ ပါကြတဲ့အဖွဲ့အစည်းတွေ အကုန်လုံးကလည်း ရွေး ကောက်ပွဲကို လက်မခံကြတဲ့သူတွေကြီးပါပဲ။ သို့ပေမယ့်လည်း SRA က အခုမှ ကနဦး မဟာမိတ်အနေနဲ့ စုဖွဲ့တဲ့ အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ SRA နဲ့ ပတ်သက်တဲ့ တချို့ သောဟာတွေကတော့ ပြောဖို့တော့ နည်းနည်းတော့ စောသေးတယ်ပေါ့”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲက ၁၉ ဖွဲ့နဲ့ စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အသိပေးကြေညာခဲ့တာပါ။
တပ်ပေါင်းစုရဲ့ စစ်ဆင်ရေးတွေနဲ့ မဟာဗျူဟာကျတဲ့ လုပ်ငန်းစဉ်တွေကို အားကောင်းကောင်းနဲ့ အကောင်အထည်ပေါ်လာအောင် တပ်ဖွဲ့ဝင်တွေရဲ့ အချိုးကျကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီက ကွပ်ကဲသွားမယ်လို့ SRA ပြောခွင့်ရ ကိုမင်းဟန်ထက်က သံလွင်တိုင်းမ်ကို ပြောထားတာပါ။
လက်ရှိ မွန်ပြည်နယ်မှာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေပေမယ့် ရေးမြို့နယ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်အထိ ရှိခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု တစ်ကြိမ်ရှိခဲ့ပါတယ်။
ရေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာ ၆ နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်တပ်ကနေ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ RICE ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။







