ဝက်လက်မြို့နယ်၌ ၅ ရက်အတွင်း ဗုံး၂ ကြိမ်ကြဲခံရပြီး ကလေးငယ်အပါဝင် ဒေသခံ ၉ ဦးသေဆုံး

ဝက်လက်မြို့နယ်၌ ၅ ရက်အတွင်း ဗုံး၂ ကြိမ်ကြဲခံရပြီး ကလေးငယ်အပါဝင် ဒေသခံ ၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ ကလေးငယ်အပါအဝင် ဒေသခံ ကိုးဦး သေဆုံးခဲ့ကြောင်း Wetlet Informational Network ထံက သိရသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောကျေးရွာအတွင်းသို့ ယမန်နေ့(ဒီဇင်ဘာလ ၁၇ရက်) ည ၈နာရီ ၃၁ မိနစ် အချိန်တွင် စစ်ကော်မရှင်တပ်က ပေါင်၂၅၀ ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ ဦးညွန့်ဝေ (၇၀နှစ်)၊ ဇနီးဒေါ်မြင့်ကြည် (၇၀နှစ်)၊ ဇေယျာထွန်း (၂၅နှစ်)နှင့် အမည်မသိ အမျိုးသမီး(လူလတ်ပိုင်း)တို့ သေဆုံးခဲ့ပြီး ငါးဦးခန့် ဒဏ်ရာရရှိထားကာ နေအိမ်သုံးလုံးနှင့် ကားတစီး မီးလောင်ပျက်စီးသည်။

အလားတူ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးတွင် ဒီဇင်ဘာလ ၁၃ရက်နေ့ ည ၉နာရီ ၃၀ မိနစ်နှင့် ၉ နာရီ ၃၆မိ နစ်တို့တွင် ဗုံးနှစ်လုံး ကြဲချခဲ့ရာ မသူဇာနွယ်

(၃၄ နှစ်)၊ တွတ်ပီ(၂၆ နှစ်)၊ ဦးခင်မောင်လွင် (၇၀ နှစ်) ကလေးငယ် အေးမြတ်သူဇာ(၄- နှစ်) တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ထဲမှ တဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ ငါးဦးရှိကာ နေအိမ်ရှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြေပြင်မှာ စစ်ကြောင်းထိုးတာ တိုက်ပွဲဘာမှမရှိပါဘူး ၊ အကြောင်းမဲ့ ပြည်သူတွေနေတဲ့ ရွာထဲကို ဗုံးချသွားတာ” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာ ၁၃ရက်နေ့ လေကြောင်းတိုက်ခိုက်မှုဖြစ်သည့် နေရာတွင် စစ်ဘေးရှောင်များနေထိုင်ကြပြီး သေဆုံးသွားသူများသည် အရှေ့မြောက်ခြမ်းသို့ စစ်ဘေးရှောင်လာသော ရွှေဘိုမြို့နယ် ကုလားမရွာ က ဒေသခံများဖြစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ရွာအတွင်းကို ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် ဒရုန်းနှစ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ကိုနဂါးလေးက ဆက်ပြောသည်။

“အခုဒီမနက် ဒရုန်းနဲ့ ဗုံးလာချတဲ့ ကျောက်မြောင်း (ခမရ ၁၂)နဲ့ ဆိုရင် ၁၁ မိုင်လောက်ဝေးတယ်ဗျ၊ အသေခံ(Suicide)ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်သွားတာဗျာ” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဟန်းတပါးနှင့် ကလေးတဦး ထိခိုက်ထားသည်ကို ကနဦး သတင်းရရှိ ထားကြောင်းနှင့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

ဝက်လက်မြို့နယ် စဉ့်ကိုင်မြောက်ရွာထဲနှင့် နွားခြံကုန်းတောင်ဘက်တွင် အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်သည် တိုက်(တပ်သာ) ရွာတောင်ဘက် မြစ်ရေတင်စီမံကိန်း( ဆည်မြောင်း) ပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိနေကြောင်း Wetlet Informational Network က အသိပေးထားသည်။

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် ဝက်လက်မြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ဂရုစိုက်၍ သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက်တွန်းထားသည်။

June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
June 19, 2026
မောင်ခက်နွေ — လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်...
ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...
June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...