စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို လူတစ်ဦးကို ငွေကျပ် ၁၀,၀၀၀ စီပေးပြီး ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဟောပြောပွဲသို့ ကားဖြင့်ခေါ်ပြီး စည်းရုံးနေကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် တာဝန်ရှိသူများသည် စစ်တွေမြို့ထဲနှင့် မြို့အနီးက မွတ်ဆလင်ကျေးရွာများကို သွားရောက်ပြီး ကားဖြင့်ခေါ်ယူကာ ပြည်နယ်ရုံးရှေ့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရေး ဟောပြောပွဲများတွင် အင်အားပြနေခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံ သတင်းရင်းမြစ်များက DMG ကို ပြောသည်။
“တခြားပါတီတွေထက် ကြံရေးပါတီဟာ လှုပ်ရှားမူတွေ ပိုများပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ သူတွေကို အဓိက ပစ်မှတ်ထားတယ်။ သူတို့ကို ကားတွေနဲ့ လာခေါ်တယ်။ ရုံးရှေ့မှာ မဲဆွယ်စည်ရုံးရေးလုပ်တယ် ပြီးရင် လူတစ်ယောက်ကို ၁၀,၀၀၀ ကျပ်စီပေးပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့သူတွေဆိုတော့ ပိုက်ဆံကိုမက်ပြီး လိုက်သွားကြပါတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ စစ်တွေမြို့တွင် စစ်ကောင်စီ၊ ရဲနှင့်၊ ထွေ/အုပ်၊ လဝက တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များသည်လည်း ရပ်ကွက်တိုင်း၊ တစ်အိမ်ဝင်တစ်အိမ်ထွက် လူစာရင်းတိုက်ပြီး မဲစာရင်းပါမပါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“မဲစာရင်းမှာ မပါသေးဘူးဆိုရင် ပြန်ပြီးလျှောက်ရမည်ဆိုပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး သတိပေးတာတွေ ပြုလုပ်နေတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ရခိုင်ပြည်ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဒေါက်တာစန်းရွှေကလည်း လက်ရှိအချိန်သည် ရခိုင်ပြည် အကျပ်အတည်းကာလကို ဖယ်ရှားရန်အချိန်ကျရောက်လာသဖြင့် ၎င်းတို့ပါတီကို မဲထည့်ကြရန် စည်းရုံးဟောပြောနေသည်ကို တွေ့ရသည်။
“စားဝတ်နေရေးခက်ခဲပြီး လမ်းပန်းဆက်သွယ်ရေးလည်း ဘေးပတ်အတားအဆီးတွေကြောင့် မသွားရမလာရနဲ့ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ ဒုက္ခတွေကို ဖယ်ရှားဖို့ အချိန်ရောက်လာပြီ၊ ဘာအချိန်လည်းဆိုတော့ မဲပေးချိန်။ ကျနော်တို့လိုလားတဲ့ ဆန္ဒတွေပြည့်စုံအောင် မဲထည့်ပေးကြရမယ်။ ပြည်သူတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေး အဆင်ပြေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမျိုးအရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံး အဆင်ပြေအောင် လုပ်ပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ပြည်သူတွေရှေ့ကို ရောက်ရှိလို့လာပါပြီ” ဟု ဒီဇင်ဘာ ၇ ရက်က ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ပါတီဥက္ကဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် အမတ်လောင်းလည်းဖြစ်သူ ဒေါက်တာစန်းရွှေက ပြောခဲ့သည်။
အလားတူ ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ဦးဘရှိန်ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ ( RNP)တို့မှာလည်း စစ်တွေ လမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် ကားပတ်ပြီး မဲဆွယ်စည်းရုံးမှုများကို ယခုရက်ပိုင်းအတွင်း လုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် လည်းကောင်း၊ အပိုင်း (၂) ကို မြို့နယ်ပေါင်း ၁၀၀ ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်သည်။
လက်ရှိတွင် ရခိုင်မှရွေးကောက်ခံပါတီများမှာ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ် ၃ ခုမှပြည်သူများနှင့် ပြည်မရောက် ရခိုင်ပြည်သူများကို မဲဆွယ်စည်းရုံးရေးများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူတို့မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၁ ခုတွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားသည်။







