ကရင်နီပြည် ထိန်းချုပ်နယ်မြေ ကေးလျားမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင် ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အုပ်ချုပ်ရေး ယန္တရား သက်ရောက်သည့် ကေးလျားမြို့နယ် တွင် စစ်ကော်မရှင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လူထုတွေ့ဆုံပွဲနှင့် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) က သတင်းထုတ်ပြန်သည်။
UKSY အတွင်းရေးမှူးဖြစ်သူ တစ်ဦးက “စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထု ကို သွားရောက် တွေ့ဆုံတာ ဖြစ်တယ်။ အာဏာရှင်ရဲ့ ရွေးကောက်ပွဲဟာတွေ ပြီးရင် သူ့ရဲ့ အာဏာတည်မြဲဖို့ အတွက် ဘာတွေ လုပ်ဆောင်နေလဲ ကျနော်တို့ ပြည်သူလူထုနဲ့ သွားရောက်တွေ့ဆုံတာ ဖြစ်တယ်။ အဓိကတော့ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားက ဘယ်လိုရှိနေလဲ ဆိုတာမျိုးပေါ့နော်” ဟု ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါ ဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲတွင် ကျေးရွာအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ စစ်ရှောင်ကော်မတီဝင်များ၊ ကျောင်းဆရာ/မများ နှင့် လူငယ်ကော်မတီများ အပါအဝင် ဒေသခံ လူဦးရေ ၆၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲအတွင်း စစ်ကော်မရှင်၏ ခေတ်အဆက်ဆက် ရွေးကောက်ပွဲ အခြေအနေများနှင့် လက်ရှိကျင်းပမည့် ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်များကို လူထုနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ တွင် ကရင်နီပြည်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့နယ်များ ပါဝင်မည့် ရွေးကောက်ပွဲကို စတင်ကျင်းပမည်ဟု ကြေညာထားသည်။
ထိုသို့ ကြေညာထားသော်လည်း ကေးလျားမြို့နယ်အတွင်း ဒေသခံအများစုမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်ဘက်က ရပ်တည်နေကြောင်း UKSY က ထောက်ပြသည်။
“ကေးလျားမြို့နယ် အနေနဲ့ကတော့ စစ်ကော်မရှင်တို့ရဲ့ လက်အောက်ခံတွေက စည်းရုံးလှုံ့ဆော်နေတာတွေတော့ ရှိမှာပဲပေါ့။ သို့သော်လည်း ကျနော်တို့ ကြားသိထားသလောက်ကတော့ ဖရူဆိုပြန်မယ့် အရေအတွက်က နည်း တယ် ပေါ့လေ။ တခြားသော ကျနော်တို့နဲ့ ရပ်တည်မယ်ဆိုတဲ့ ပြည်သူလူထုက ပိုပြီးတော့များတယ်။ ဆိုတော့ စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲကို သူတို့ကလည်း ဆန့်ကျင်ကြောင်း ရပ်တည်ပေးနေတယ်ပေါ့” ဟု အတွင်းရေးမှူးဖြစ်သူက ဆက်ပြောသည်။
UKSY အတွင်းရေးမှူးက တော်လှန်ရေး ငါးနှစ်တာ ကာလအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့၍ တိမ်းရှောင်နေရသည့် ပြည်သူများကို လက်ရှိတွင် မြို့ပေါ်ပြန်ဝင်လာခြင်းမျိုး မပြုလုပ်ဘဲ၊ နေရပ်မပြန်ခြင်းအားဖြင့် ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်ပေးဖို့ တိုက်တွန်းပြောဆိုထားသည်။
“စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကိုတော့ ပြည်သူလူထုကို သတင်းစကားပါး ချင်တာက လက်ရှိ မြို့ပေါ်ပြန်ဝင်လာနေတဲ့ အနေအထားမျိုးကို ပြည်သူလူထု အနေနဲ့ အဲမျိုးတွေ မလုပ်ဘဲနဲ့ ကျနော်တို့ကို ဆက်လက်ထောက်ခံပေးဖို့ သတင်းစကားပါးချင်တယ်” ဟု ၎င်းက တောင်းဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့၌လည်း လွိုင်ကော်မြို့နယ်အတွင်း မြေပြင်တစ်နေရာတွင် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ မှ ဦးဆောင်၍ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ်ပိန်းတစ်ရပ် ပြုလုပ်ခဲ့သေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







