ကော့ကရိတ်တွင် မဲစာရင်းလာစစ်သူမရှိ၍ စစ်အုပ်စုက အိမ်တိုင်ရာရောက် စစ်ဆေးပြောဆိုနေ

ကော့ကရိတ်တွင် မဲစာရင်းလာစစ်သူမရှိ၍ စစ်အုပ်စုက အိမ်တိုင်ရာရောက် စစ်ဆေးပြောဆိုနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး စာရင်းလာရောက်စစ်ဆေးသူမရှိသဖြင့် စစ်အုပ်စုက အိမ်တိုင်ရာရောက် မဲစာရင်းစစ်ခြင်းနှင့် မဲလာထည့်ဖို့အရေး လိုက်လံပြောဆိုနေကြောင်း မြို့ပေါ်ရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုက လာမည့်ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ကော့ကရိတ်နှင့်ကျုံဒိုးရှိ မဲပေးနိုင်သူစာရင်းများကို နိုဝင်ဘာလကုန်ပိုင်းမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ် ကြေညာခဲ့ပြီး ပြည်သူများလာရောက်စစ်ဆေးကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

သို့သော် မဲစာရင်းပါမပါ စိတ်ဝင်တစားကြည့်ရှုသူမရှိသဖြင့် အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ်၊ ကြံ့ခိုင်‌ရေးပါတီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နေအိမ်များသို့ လိုက်လံမဲစာရင်းစစ်ပေးနေပြီး ကြိုတင်မဲပေးဖို့၊ မဲရုံကိုမဲလာထည့်ကြဖို့ ပါ ပြောဆိုလျက်ရှိကြောင်း ကော့ကရိတ်မြို့နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“မဲစာရင်းလာမကြည့်လို့ဆိုပြီး အိမ်မှာရှိတဲ့သူတွေကို မဲစာရင်းထဲထည့်သွားတယ်။ အုပ်ကြီးရော၊ ကြံ့ခိုင်ရေးရော၊ ပျူနဲ့ စစ်သားတွေကတော့ အရပ်ဝတ်နဲ့လာတာ။ ရွေးကောက်ပွဲရက်ကျရင် ကြိုတင်မဲထည့်ရင်ထည့် မထည့်ရင်မဲရုံကိုလာထည့်ရမယ်လို့ ပြောတယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာကို အတင်းမဲထည့်ခိုင်းမယ့် သဘောပဲ” ဟု အဆိုပါအမျိုးသားက ပြောသည်။

စစ်အုပ်စုက အိမ်တိုင်ရာရောက် မဲစာရင်းလိုက်လံစစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို အဓိကထား စာရင်းကောက်ယူနေခြင်းဖြစ်သည်။ ကျုံဒိုးမြို့၌ နေအိမ်လိုက်လံ မဲစာရင်းစစ်သည့်အဖွဲ့ကမူ မဲစာရင်း လာမကြည့်၍ ပြစ်တင်ပြောဆိုခြင်းရှိသလို အိမ်ထောင်စုစာရင်းထဲပါသည့် အသက်ပြည့်ပြီးသူတိုင်းအား မဲဆန္ဒရှင်စာရင်း တပါတည်းမှတ်ယူသွားကြောင်း ကျုံဒိုးမြို့ခံများက ဆိုသည်။

ကျုံဒိုးမြို့နေ ဒေသခံတစ်ဦးက “မြို့ပေါ်ရပ်ကွက်တွေအကုန် အဖွဲ့ ခွဲပြီးဝင်တယ်။ အိမ်မှာလူမရှိလည်း သန်းခေါင်စာရင်းယူကြည့်ပြီး ၁၈ နှစ်အထက်ဆို အကုန် စာရင်းဖြည့်သွားတယ်။ ထိုင်းတက်ပြီး အလုပ်လုပ်နေတဲ့အိမ်က ကလေးတွေတောင် စာရင်းထဲပါသွားတယ်။ မဲစာရင်းလာမကြည့်လို့တောင် အပြစ်ကပြောသေးတာ။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ လူသွားလူလာများသည့် ဈေးနှင့်လမ်းမနေရာများတွင်လည်း စစ်အုပ်စုအဖွဲ့ဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် စစ်တပ်ထောက်ခံသူများက ရွေးကောက်ပွဲ မဲထည့်ရေး လက်ကမ်းစာစောင်များဖြန့် ဝေနေကြသည်ဟု မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

စစ်အုပ်စုကြေညာချက်ထုတ်ထားသည့် ရွေးကောက်ပွဲ ပထမပိုင်းနှင့်ဒုတိယပိုင်းတို့တွင် ကရင်ပြည်နယ်အနေဖြင့် ဖားအံ၊ မြဝတီ၊ သံတောင်ကြီး၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ်တို့ပါဝင်သည်။ ယင်း၌ ကော့ကရိတ်နှင့်ကျုံဒိုး မပါဘဲ ယခုလိုလိုက်လံလုပ်ဆောင်နေသည့်အပေါ် ကေအိုင်စီအနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသည်။

တော်လှန်ရေးနှင့်ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ လက်ရှိတွင် ကော့ကရိတ်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာများ၊ မြို့၊ ရွာချင်းဆက် လမ်းပိုင်းနေရာများကို ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေ။

အလားတူ ကော့ကရိတ်တောင်ပိုင်းနှင့်မြောက်ပိုင်း ကျေးရွာများတွင်လည်း KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

Most read this week

Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...
December 1, 2025
ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော်-...