ရခိုင်တွင် မိုင်းထိခံရသူ မိသားစု ၈၀ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်း ဆိုးဝါးစွာထိခိုက်နေ

ရခိုင်တွင် မိုင်းထိခံရသူ မိသားစု ၈၀ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်း ဆိုးဝါးစွာထိခိုက်နေ

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်များထိခိုက်ကြောင်း DMG ၏ သုတေသန စာတမ်း အချက်အလက်များ အရသိရသည်။

နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် သုတေသနစာတမ်းအရ ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင် ၈၀ ရာခိုင်နှုန်းမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်နစ်နာနေရကြောင်း ဖော်ပြထားသည်။

ထိုသို့ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ဆုံးရှုံးထားရသူများ ရေရှည်ဘဝရပ်တည်နေ ထိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် တောင်းဆိုနေကြသည်။ 

“နည်းနည်းနေမကောင်းဖြစ်ရင် ဖြတ်ထားရတဲ့ ခြေထောက်က ကိုက်ခဲလာတယ်။ ဆေးက နေ့တိုင်းလည်း မသောက်နိုင်ဘူး။ တစ်ခါတစ်လေ အိပ်မရတာများလာတော့ အရက်သောက်ပြီး အိပ်ရတယ်။ မိသားစုတွေ အလုပ်လုပ်တာ မမြင်နိုင်တော့ ခြင်းတောင်းတွေရက်တယ်။ ဒါပေမဲ့ ခြေထောက်တစ်ဖက် အားမရတော့ အရည် အသွေးမကောင်းဘူး။ ဒီတော့ ခြင်းတောင်းတွေကို လူမကြိုက်တော့ ဈေးကောင်းမရဘူး။ ဒီတော့ အလုပ်တစ် ခုခုဖြစ်ဖြစ် ငွေဖြစ်ဖြစ် အကူညီလိုချင်တယ်” ဟု မိုင်းထိဒဏ်ရာကြောင့် ခြေတစ်ဖက် ဆုံးရှုံးလိုက်ရသူ အသက် ၄၀ ကျော်အရွယ် ဦးသန်းထွန်းလှက ပြောသည်။

ဦးသန်းထွန်းလှသည် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာမှဖြစ်ပြီး ၂၀၁၉ ခုနှစ်က ရွာအနောက်ဘက် တောင်တန်း တွင် ထင်းရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးသွားခဲ့သူတစ်ဦး ဖြစ်သည်။

DMG ၏ သုတေသန အချက်အလက်များအရ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်၏ ၄၉ ရာခိုင်နှုန်းမှာ နေအိမ်နှင့် အနီးအနားတို့တွင်ဖြစ်ပြီး ကျန် ၅၁ ရာခိုင်နှုန်းမှာ တောတောင်နှင့် အခြားနေရာများတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရသူ အများစုမှာ တောင်သူများနှင့် တောတောင်ကို အမှီပြုလုပ်ကိုင်စားသောက်ကြသည့် အခြေခံလူတန်းစားများမှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ကိုယ်ခန္ဓာနှင့် ခြေထောက်များဆုံးရှုံးမှု ၆၉ ရာခိုင် နှုန်းထိရှိကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။ 

“မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ရွာသားတွေဟာ စားဝတ်နေရေးပိုမို ကျပ်တည်းလာတာ မြင်ရတယ်။ ဘာဖြစ်လို့ဆိုတော့ တောတောင်တွေကို သွားရင် မိုင်းပေါက်ကွဲမလားဆိုပြီး သွားလို စိတ်မရှိကြဘူး။ မသွားရဲဘူး။ ဒါကြောင့် ရွာသားတွေက စားဝတ်နေရေး ပိုကျပ်တည်းလာတဘာ။ ရွာသားတွေက ထင်းခုတ်ပြီး လုပ်စား ကြတယ်” ဟု ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပန်းသာက ပြောသည်။

ခပေါ်ကျေးရွာသည် ကျောက်တော်မြို့နယ်မြောက်ပိုင်း တင်းမ တောင်ရှည်တောင်အနီးတွင်ရှိနေပြီး တောတောင် ကို ဟင်းရှာငါးရှာသွားရာတွင် ယင်းရွာကနေ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရသူ ၁၀ ထိရှိကြောင်း သိရသည်။

ရခိုင်ဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သူများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် စိုးရိမ်ပူပန်သူ ၁၇ ရာခိုင်နှုန်းနှင့် အိပ်မပျော်သူ ၁၄ ရာခိုင်နှုန်းအထိရှိကြောင်းလည်း DMG အစီရင်ခံစာက ဆိုထားသည်။ 

၎င်းအပြင် နာတာရှည် ကိုယ်လက်နာကြင်မှု ခံစားရသူ ၃၁ ရာခိုင်နှုန်း၊ လှုပ်ရှားသွားလာရခက်ခဲသူ ၁၉ ရာခိုင်နှုန်း အထိ ရှိနေကြောင်း တွေ့ရပြီး ထိခိုက်သူ၏ ၈၄ ရာခိုင်နှုန်းမှာ ထိခိုက်မှုဖြစ်လျှင် ဆက်သွယ်ရမည့်နေရာကို မသိသည့်အပြင် အရေးပေါ်အသက်ကယ်နိုင်မည့် သတင်းအချက်အလက်များ ကင်းမဲ့နေကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်တွင် မြေမြှုပ်မိုင်နှင့် စစ်ကျန်လက်နက်အန္တရာယ်များကြောင့် အသက်မွေးဝမ်းကျောင်းများ ထိခိုက်သည့်အပြင် သေဆုံးဒဏ်ရာရသူများ မကြာခဏ ရှိနေခြင်းကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် တောင်းဆိုနေကြသည်။

Most read this week

February 26, 2026
ရခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် AA ထိန်းချုပ်နယ်မြေက စာသင်ကျောင်း၊ ဆေးရုံ၊...
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
February 25, 2026
ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါဝင် ဒေသခံများကို...
လေကြောင်းအန္တရာယ်ကြောင့် ဗုံးခိုကျင်းတစ်ခုတွင် ဝပ်နေကြရသည့် ရခိုင်က ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း
February 24, 2026
စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်က ကလေးသူငယ်များမှာ...
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...