ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA) အန္တရာယ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည့် မြိုလူမျိုးများမှာ လက်ရှိတွင် နေထိုင်စားသောက်ရေး အခက်ကြုံနေကြသဖြင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ အထက်အင်းချောင်း၊ အောက်အင်းချောင်း ၊ င/တက်၊ ဗျာရွေ စသည့် ကျေးရွာပေါင်း ၉ ရွာမှ ဒေသခံ ၁,၅၀၀ ခန့်မှာ နယ်စပ်တိုက်ပွဲများနှင့် ARSA အန္တရာယ်ကြောင့် ဘေးကင်းရာကို ရွေ့ပြောင်းနေထိုင်နေကြရခြင်းဖြစ်သည်။
၎င်းတို့မှာ လက်ရှိတွင် မောင်တောမြို့နယ် ကြိမ်းချောင်၊ ခွဆုံ၊ ဂြစ်ချောင်း၊ ဘူးသီးတောင်မြို့နယ်၊ အထက် ဘိုကလေ ၊ အောက်ဘိုကလေကျေးရွာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။
ယခုအခါ အလုပ်အကိုင်ရှားပါးသည့်အပြင် ARSA အန္တရာယ်နှင့် မိုင်းအန္တရာယ်ကြောင့် လုပ်စားကိုင်စားသောက်ရန် အဆင်မပြေသည့်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်။
" တချို့ပြောင်းရွေ့သွားကြတဲ့ ဒေသခံတွေဆိုရင်လည်း စပါးမရိတ်သိမ်းရတဲ့ သူတွေရှိတဲ့အတွက် စားဝတ်နေရေး အဆင်မပြေဘူးပေါ့။ ပြီးရင် မြိုဒေသခံတွေက များသောအားဖြင့် ဟင်းရှာ၊ ငါးရှာပြီး စားသောက်ကြတဲ့ သူတွေများတယ်။ အခုဆိုရင် သူတို့ ပုံမှန်လည်း စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိကြတယ်" ဟု မောင်တောဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
မြိုဒေသခံအများစုမှာ ကျေးရွာအနီးတောတောင်များတွင် ဟင်းရှာ၊ ငါးရှာ၊ ဝါးခုတ်နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကာ သက်မွေးဝမ်းကြောင်းပြုနေကြသူများဖြစ်သည်။
လက်ရှိတွင် နေရပ်စွန့်ခွာကာ ပြောင်းရွေ့လာကြသူများမှာ လူသုံးကုန် ပစ္စည်းများအပြင် သိုလှောင်ထားသည့် ဆန်စပါးများလည်း မသယ်ဆောင်နိုင်ခဲ့သဖြင့် စားသောက်ရေး ပိုမိုကျပ်တည်းနေခြင်းဟု ပြောဆိုကြသည်။
" ပြောင်းလာကြတဲ့သူတွေမှာ ပစ္စည်းဥစ္စာတွေ အစုံမပါကြဘူး။ မိုင် ၁၀ လောက်ဝေးတဲ့ နေရာတွေကို ပြောင်းလာကြရတဲ့အတွက် ရွာမှာကျန်ခဲ့တဲ့ ဆန်တွေ၊ စပါးတွေကိုလည်း မသယ်လာနိုင်ဘူး။
ပြန်သွားယူမယ်ဆိုရင်လည်း လုံခြုံရေးအရ သွားခွင့်မပြုတဲ့အတွက် သူတို့ စားဖို့သောက်ဖို့ အဆင်မပြေကြတာတွေ ရှိတယ် " ဟု မြိုအမျိုးသားတစ်ဦးက ပြောသည်။
မောင်တောဒေသအတွင်း ARSA အန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်တို့ကြောင့် တောတောင်အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများမှာ လုံခြုံရေးခြိမ်းခြောက်ခံနေကြရသည်။
နိုဝင်ဘာ ၁၄ ရက်ကလည်း မောင်တောမြို့နယ်၊ ခုန်တိုင်ကျေးရွာမှ အသက် (၄၂) နှစ်အရွယ် မြိုလူမျိုး ဦးဒေါင်ရွိုင်မှာ တောင်ပေါ်သို့ဝါးခုတ်သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
မောင်တောမြောက်ပိုင်း ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ကြောတွင် ARSA၊ RSO၊ ARA တို့၏ လှုပ်ရှားမှုများ ရှိနေပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျှက်ရှိသဖြင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေကြရသည်။







