မွန်ပြည်နယ်တောင်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုတန်ပြန်မလဲ

မွန်ပြည်နယ်တောင်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုတန်ပြန်မလဲ

မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ အမှတ် ၈ ပြည်‌ထောင်စုလမ်း မကြီး ရေး-သံဖြူဇရပ် လမ်းပိုင်းကို စစ်တပ်က ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကစပြီး ရေးမြို့နယ်မြောက်ပိုင်းမှာ စစ်တပ်က အင်အားဖြည့်တင်းပြီး ရေး-သံဖြူဇရပ် လမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာတယ်လို့ ရာမညအင်စတီကျူ သုတေ သနဌာန RICE အဖွဲ့ရဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးပိုင်းနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစတင်ကာ ရေး-သံဖြူဇရပ် လမ်းပိုင်းကို မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းတပ်တွေက စိုးမိုးထိန်းချုပ်ထားတဲ့အပေါ် စစ်တပ်က နှစ်နဲ့ချီ ပင်လယ်ရေကြောင်းကိုသာ အဓိကအားထားနေရတာပါ။

အဲဒီလမ်းပိုင်းကို လက်လွှတ်ထားရတဲ့ စစ်တပ်အတွက် အခုအခါမှာ ပြန်လည်စိုးမိုးနိုင်ဖို့ အလွန်အရေးကြီးလာ ပါတယ်။ အကြောင်းကတော့ အဲဒီ လမ်းပိုင်းကို ထိန်းချုပ်နိုင်မှသာ ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ ရေးနဲ့ သံဖြူဇရပ်မြို့နယ်ရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်လို့ RICE က သုံးသပ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က ရွေးကောက်ပွဲမဖြစ် မြောက်အောင် လူထုထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နည်းလမ်းနဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က ရွေးကောက်ပွဲမဖြစ်မြောက်ဖို့အတွက်ကို ဘယ်လိုကာကွယ်သွားမလဲဆိုတော့ နံပါတ် ၁ ပြည်သူလူထုက စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မပြုဖို့အတွက်ကို ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုကို အသိပညာပေးတာမျိုးတွေ စည်းရုံးတဲ့ ကိစ္စမျိုးတွေ လုပ်ဆောင်သွားပါမယ်။ နောက်တစ်ခု စစ်ကောင်စီက မဖြစ်မနေ ဒီရွေးကောက်ပွဲကို လုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့က စစ်ကောင်စီကို တိုက်ခိုက်တဲ့အခါမှာ ပြည်သူလူထုကို ထိခိုက်မှု အနည်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီး ရွေးကောက်ပွဲမဖြစ်မြောက်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက ချမှတ်ထားတဲ့ သဘော ထားထုတ်ပြန်ချက်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားပါ့မယ် ခင်ဗျ”လို့ ဆိုပါတယ်။

မြို့နယ် ၁၀ ခုရှိတဲ့ မွန်ပြည်နယ်မှာ လာမယ့် နှစ်ကုန်ပိုင်းနဲ့ နှစ်ဆန်းပိုင်းအတွင်း စစ်ကော်မရှင် ဦး ဆောင်မယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကို မြို့နယ် ၅ ခုစီ ခွဲပြီး ကျင်းပမယ့် မြို့နယ်စာရင်းတွေထဲ ထည့်သွင်းထားတာပါ။

အပိုင်း ၁ အဖြစ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့ ပါဝင်ပြီး အပိုင်း ၂ မှာတော့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ ပါဝင်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ဒါကြောင့် အပိုင်း ၂ အဖြစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ စစ်တပ်အနေနဲ့ ရေး-သံဖြူဇရပ် လမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်‌ရေးဟာ ရက်ပေါင်း ၅၀ ကျော်သာ ကျန်ရှိတော့တာပါ။

လက်ရှိမှာ ရေး-သံဖြူဇရပ်လမ်းပိုင်းကို နှစ်ဘက် စစ်ရေးဆိုင်ထားတဲ့ အခြေအနေဖြစ်ပြီး စစ်တပ်အတွက် နိုင်ငံရေး၊စစ်ရေး၊စီးပွားရေးအရ အလွန်အရေးကြီးသလို တော်လှန်ရေးအင်အားစုတွေအတွက် စစ်ရေးအပြင် သိက္ခာပိုင်းအရပါ အလွန်အရေးပါနေတယ်လို့ RICE က ဆိုပါတယ်။

နိုင်တလနိုင်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေမှာ လာမယ့် လပိုင်းအတွင်း စစ်တပ်က အကြီးအကျယ် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ရရှိထားတဲ့အတွက် နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ဒီစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေမှာ သူတို့က ရွေး ကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ကိုတော့ သေချာတယ် လာမယ့်လအတွင်းထဲမှာဆိုရင်တော့ အဲဒီ‌ဒေသတွေကို အကြီးအကျယ်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေတော့ ကျွန်တော်တို့ ဘက်က ရထားတာတွေ ရှိတယ်။ ဆိုတော့ သေချာတယ် စစ်ကောင်စီကလည်း သူရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့အခါမှာ သေချာတယ် ကျွန်တော်တို့နဲ့ ထိတွေ့ကတော့ ဖြစ်မှာပဲပေါ့”လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်းရှိ ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ မွန်ပြည်ဖက်ဒရယ်စီ MSFC၊ ကာကွယ်ရေးဌာနရဲ့ ကွပ်ကွဲမှု‌အောက်က MSRF ၊ YPDF နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သေးတာပါ။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နှစ်ကရင်ရဲစခန်းအပါအဝင် ကျေးရွာတဝိုက်ကိုလည်း စစ်တပ်က ပြန်လည်အခြေချ ထိန်းချုပ်နိုင်ဖို့ စခန်းမှူးကိုယ်တိုင် စစ်ကြောင်းနဲ့အတူ ခြေလျင်တပ်ရင်း ၁၀၆ မှာ ရောက်ရှိနေတယ်လို့ MSFC ကနေ သိရပါတယ်။

ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ခေါင်းဆောင် ဗိုလ်ရန်ကလည်း “ကျွန်တော်တို့ ဘက်ကတော့ တကယ်လို့ သူတို့ဘက်က (စစ်တပ်) စစ်ကြောင်းတွေ တက်လာလို့ရှိရင် ခံစစ်နဲ့ တိုက်မယ်၊ နောက် တစ်ခု ဖြတ်တောက်ပြီး ပျောက်ကျားစနစ်နဲ့ တိုက်ဖို့ အဲဒီနှစ်ခုတော့ အစီအမံရှိပါတယ်”လို့ ပြောပါတယ်။

ရေးမြို့နယ်မြောက်ပိုင်းဟာ အာယုတောင်-မော့ကနင်ကျေးရွာကနေ နှစ်ကရင်လမ်းဝ-အောင်သာယာ ကျေးရွာအထိ ပါဝင်ပြီး စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း သုံးရင်း၊ ခြေလျင်တပ်ရင်း တစ်ရင်းနဲ့ အမှတ် ၃၁၇ အမြောက်တပ်ရင်းတို့ အခြေစိုက်တဲ့ နယ်မြေပါ။

လက်ရှိမှာ စစ်တပ်က ရိက္ခာကအစ လူအင်အားဖြည့်တင်းရာမှာ အစင်ရွာက ပန်ဒါဆိပ်ကမ်းကို ပုံမှန်အသုံးပြုနေပြီး သောင်ပြင်၊ ကော့ဒွတ်နဲ့ နှစ်ကရင် စတဲ့ ဆိပ်ကမ်းတွေကိုလည်း ရံဖန်ရံခါ အသုံးပြုတတ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ RICE က ထုတ်ပြန်ထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...