မောတောင်မြို့ကို တော်လှန်ရေးတပ် သိမ်းပိုက်၊ စစ်ကော်မရှင်တပ်များ ထိုင်းဘက်ထွက်ပြေး

မောတောင်မြို့ကို တော်လှန်ရေးတပ် သိမ်းပိုက်၊ စစ်ကော်မရှင်တပ်များ ထိုင်းဘက်ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါက်းတပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကော်မရှင်တပ်ဖွဲ့များ ထိုင်းဘက်သို့ ထွက်ပြေးသွားကြသည်ဟု ပြေပြင်တော်လှန်ရေးတပ်ဖွဲ့တို့ IMNA ကို ပြောသည်။

မောတောင်မြို့ရှိ စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၄ ရက်မြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့် တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့သည့်အပြင် ထိုင်းနိုင်ငံဘက်သို့ တပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူစောထီးများအပါအဝင် ၅၀ ဦးထက်မနည်း ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

စခန်းစွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ကော်မရှင်မှ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် တစ်ရက်လျှင် ၁၀ ကြိမ်ထက်မနည်း ဝေဟင်တွင် ပျံဝဲနေပြီး ဗုံးကြဲချမှုများလုပ်ဆောင်နေသည်ဟု မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

"၄ ရက်ခန့် တိုက်ပွဲဖြစ်နေတယ်။ ၉၅ ရာခိုင်နှုန်းတော့ သိမ်းနိုင်ပြီး လေယာဉ်ကတော့ တစ်နေ့ကို ၁၀ ခေါက်လောက် ပျံသန်းနေတယ်။ လေကြောင်းနဲ့ တိုက်ခိုက်မှုက တောက်လျှောက် ညသန်းခေါင်အထိလည်း ပစ်တယ်။ ဗုံးကြဲတာဆို တစ်ရက်ကို လေးငါးဆယ်ခေါက်ရှိတယ်။ စစ်ရှောင်ကတော့ ထိုင်းနယ်စပ်အပေါ်ကုန်း စစ်တပ်စခန်းအနားဘက်မှာပဲ ရှိတယ်"ဟု ပြောသည်။

ယနေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မောတောင်မြို့ကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပြီး လေကြောင်းအခြေအနေလည်း စိုးရိမ်နေရကြောင်းလည်း ဆိုသည်။

မောတောင် မြို့သိမ်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ဒေသခံများ ၃၀၀၀ နီးပါး ထိုင်းနယ်စပ်ဘက် တိမ်းရှောင်နေရဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွင်လည်း ခိုလှုံနေရသည့် စစ်ရှောင်ပြည်သူ ၈၀၀ ခန့် ရှိနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

“စစ်ရှောင်တွေက ထိုင်းဘက်ကို ခိုလှုံခွင့် မပေးသေးဘူး။ စားရေး သောက်ရေးအတွက် ထိုင်းက ကူညီပေးရှာပါတယ်။ စစ်ရှောင်က ကျန်းမာရေးအခက်အခဲရယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုတွေပေါ့နော် မောတောင်နယ်စပ်လူဦးရေ ၁၇၀၀ ကျော်ရှိနေပြီး။ စစ်ရှောင်တွေက တော်လှန်ရေးအဖွဲ့ရဲ့ လွတ်မြောက်တဲ့နေရာမှာ ထားထားတဲ့လူဦးရေဆို ၈၀၀ လောက်ရှိတယ်"ဟုပြောသည်။

ယခု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမမှ မောတောင်မြို့သို့ သွားသည့် လမ်းတစ်လျှောက်ကို တော်လှန်ရေးအဖွဲ့မှ ထိန်းချုပ်ထားသည်။

မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ပရာကျွတ်ခရိုင်၊ ဆင်ခွန်းမြို့နှင့်ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိအချိန်အထိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုဆဲဖြစ်သော်လည်း နယ်စပ်လမ်းကြောင်း တစ်လျှောက်တိုက်ပွဲများပြင်းထန်လာချိန်တွင် ကုန်သွယ်ရေးလမ်း အသုံးပြုမှုကို ရပ်တန့်ခဲ့ရသည်။

January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...
Photo: Bobo Win Emr
January 14, 2026
နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...
January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...
January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...