စစ်ရှောင်အရေး ကူညီပေးဖို့ အာဆီယံနဲ့ နိုင်ငံတကာကို မွန်ကောင်စီနှစ်ဖွဲ့ ဖိတ်ခေါ်

စစ်ရှောင်အရေး ကူညီပေးဖို့ အာဆီယံနဲ့ နိုင်ငံတကာကို မွန်ကောင်စီနှစ်ဖွဲ့ ဖိတ်ခေါ်

ရွေးကောက်ပွဲအကြိုကာလမှာ မွန်ပြည်နယ်အတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေ ရှိလာနိုင်တဲ့အတွက် စစ်ဘေးရှောင် အရေအတွက်လည်း တိုးလာနိုင်တာကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ရေး အာဆီယံနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုကို မွန်ကောင်စီနှစ်ဖွဲ့က ဖိတ်ခေါ်ပါတယ်။

မွန်ပြည်နယ်အတွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ပတ်သက်ပြီး မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC တို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကြေညာချက် တစ်စောင် ပူးတွဲထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မတည်ငြိမ်မှု၊ အကြမ်းဖက်မှုနဲ့ အိုးအိမ်မဲ့ထွက်ပြေးမှုတွေ ကြုံတွေ့နေပြီး ပြည်သူတွေ ထောင်ပေါင်းများစွာ စစ်ဘေးဒဏ် ခံစားနေရတာပါ။

ဒါကြောင့် လူသားချင်းစာနာမှုအကူအညီတွေကို လျင်မြန် ထိရောက်စွာ ပို့ဆောင်နိုင်ရေး အထူး သဖြင့် အာဆီယံဒေသအတွင်း လူသားချင်းစာနာကူညီရေးအဖွဲ့တွေ၊ ရပ်ရွာအခြေပြုအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းပါဝင်မှုကို မွန်ကောင်စီနှစ်အဖွဲ့က ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်က စီစဉ်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ထားပြီး မွန်ပြည်နယ်က မြို့နယ်အများစုမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် လာမယ့်လတွေအတွင်း အိုးအိမ်မဲ့ ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေကို ညွန်ပြနေတယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက ရွေး‌ကောက်ပွဲမတိုင်ခင် မွန်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်တပ်က ထိုးစစ်ဆင်လာနိုင်တဲ့အတွက် စစ်‌ဘေးရှောင်တွေ သောင်းဂဏန်းအထိ တိုးလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လောလောဆယ် ရွေးကောက်မတိုင်ခင် ထိုးစစ်တွေ သထုံ ကျိုက်ထို ဘီးလင်း ကျိုက်မရော သံဖြူဇရပ် ရေးဘက် ထိုးလာနိုင်ခြေ ရှိတယ်။ အဲဒီမှာ အရပ်သားတွေ ထိခိုက်နိုင်ပါတယ်။လောလောဆယ် စာရင်းအရ စစ်ဘေးရှောင်တွေ သိပ်မများသေး။ စုစုပေါင်း ၂၀၀၀၀ လောက် ရှိတယ်။ ထိုးစစ်တွေ အကြီးအကျယ်နဲ့ တပြိုင်ထဲ လုပ်လာမယ်ဆိုရင် ၅၀၀၀၀ အထိ တိုးလာနိုင်တယ်”လို့ ဆိုပါတယ်။

မြို့နယ် ၁၀ ခုရှိတဲ့ မွန်ပြည်နယ်မှာ လောဆယ် ၇ မြို့နယ်က အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်း ကြုတ်ပြီး သေကြေပျက်စီးစေတဲ့ တိုက်ခိုက်မှုတွေကြောင့် တိုင်းရင်းသား ပြည်သူအများအပြား အိုးအိမ်မဲ့မှုတွေ ထပ်ဖြစ်လာနိုင်တဲ့အပေါ် မွန်ကောင်စီနှစ်ဖွဲ့က တုံ့ပြန်ရေးအစီအစဉ်တွေ ချမှတ်ခဲ့ကြတာပါ။

ဒါကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC တို့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အရေးပေါ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပူးပေါင်းကူညီရေးစနစ်တွေကို အားဖြည့်ဆောင်ရွက်ရေး သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအရ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အချက်အလက်တွေကို တိကျစွာ စိစစ် မှတ်တမ်းတင်သွားမှာဖြစ်ပြီး ဒုက္ခသည်မိသားစုတွေကို ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနေရာချထားရေး အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစားအစာ၊ ယာယီနေရာထိုင်ခင်းနဲ့ ကျန်းမာရေးအထောက်အပံ့တွေ စနစ်တကျ ဖြန့်ဝေ ထောက်ပံ့သွားမှာဖြစ်ပြီး ဒေသခံအဖွဲ့တွေ ရပ်ရွာကွန်ရက်တွေနဲ့ ပူးပေါင်းကာ ကူညီတုံ့ပြန်ရေးယန္တရားတွေ ဖော်ဆောင်တာတွေကိုလည်း ပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းတွေကို လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှု၊ တာဝန်ခံမှု၊ ဒေသခံဦးဆောင်မှု စတဲ့ အခြေခံမူတွေအပေါ် အခြေခံကာ ဆောင်ရွက်သွားမှာဖြစ်ပြီး အကူအညီတွေကို လူထုဗဟိုပြု၊ ပွင့်လင်းမြင်သာ၊ ခွဲခြားမှုမရှိစွာ စီစဉ်သွားမယ်လို့ အသိပေးတာပါ။

နိုင်မွန်စိုင်းကတော့ နယ်စပ်ကနေ နိုင်ငံတကာရဲ့ အကူအညီတွေ ရရှိမှု လျော့နည်းသွားတဲ့အတွက် ပဋိပက္ခဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ အာဆီယံ AHA center ကို တောင်းဆိုတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံတကာ အကူအညီတွေက နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်တာတွေ ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားတယ်။ ASEAN AHA center က အကူအညီတွေ မရဖူး။ ဒါကြောင့် ASEAN ကို တောင်းဆိုချင်တာက ပဋိပက္ခ ဒေသမှာ အကူအညီတွေ ပေးရေးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လူသားချင်းစာနာရေး အကူအညီတွေကို အမှန်တကယ် ထိခိုက်ခံစားနေရသူတွေထံ ရောက်ရှိနိုင်ရေး အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လက်တွဲပြီး မိမိတို့ တော်လှန် ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကတဆင့် ပိုမိုကူညီ ထောက်ပံ့ပေးအပ်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ အသိပေးတာပါ။

မွန်ကောင်စီနှစ်အဖွဲ့အနေနဲ့ မွန်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ အရပ် သားပြည်သူတွေရဲ့ အသက်လုံခြုံရေး၊ ဘေးကင်းရေးနဲ့ လူသားချင်းစာနာအကူအညီတွေကို ပူးပေါင်းကူညီပံ့ပိုးကာကွယ်ဖို့ အတူတကွ ကတိကဝတ်ပြုတယ်လို့ အတည်ပြုထုတ်ပြန်ထားပါတယ်။

Photo credit - CJ

January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...