မောင်ကျော်စွာ — ပါတီ ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ စကားလုံးတစ်လုံးဟာ အနက်အဓိပ္ပာယ် ၂ မျိုးနဲ့ အသားကျနေတာ ကြာလှ ပါပြီ။ အယူဝါဒ၊ အတွေးအခေါ်၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တစ်ရပ်ရပ်ကို ကိုင်စွဲပြီး စည်းရုံးလှုပ်ရှားတဲ့ နိုင်ငံရေးပါတီဆိုတဲ့ အဓိပ္ပာယ်နဲ့ နေရာတစ်ခုမှာ လူအများ တပျော်တပါး စုဝေးကာ စားသောက် သီဆိုကခုန်ကြတဲ့ လူမှုရေးပွဲလမ်းတစ်ခုလို့လည်း အဓိပ္ပာယ်ရပါတယ်။
ပါတီ ဆိုတဲ့ ဒီစကားလုံးဟာ ဗြိတိသျှကိုလိုနီလက်အောက်ခံဘဝ ကျရောက်စဉ်ကနေ စတင်ပြီး တစတစ နေရာယူ အသားကျလှခဲ့တာ ဖြစ်မှာပါ။ ပါတီဆိုတဲ့စကားလုံးဟာ မြန်မာစကား/စာရဲ့ ပင်ရင်းစကားလုံးတစ်ခုသဖွယ် အသားကျနေတဲ့ ဂီယာ၊ လီဗာ၊ ပါဝါ၊ ပလာယာ စတဲ့စကားလုံးတွေလို ယဉ်ပါးသွားတဲ့ မွေးစားစကားလုံးပါပဲ။
ဒီဆောင်းပါးမှာ ပြောချင်တဲ့ ရှုထောင့်ကတော့ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုနဲ့တွဲဖက်ပြီး နိုင်ငံရေးပါတီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖြစ်ပါတယ်။
နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုဆိုတာမှာလည်း မြန်မာပြည်အတွေ့အကြုံအရဆိုရင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးရပြီးတဲ့နောက် ဒီနေ့မျက်မှောက်ကာလအထိ ဖောက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ဦးတည်ပြီး ဆန့်ကျင်အရေးဆိုကြရတဲ့ ဖြစ်စဉ်ကို ဆိုလိုပါတယ်။
မြန်မာပြည်အတွေ့အကြုံက အထင်အရှားဖော်ပြနေတဲ့ ဒီလက်တွေ့ဖြစ်စဉ်ကို ကြည့်ရင် နိုင်ငံရေးစည်းရုံးလှုပ် ရှားမှုကို အခြေခံအားဖြင့် သဏ္ဍာန် ၂ ခုနဲ့ ဆောင်ရွက်နေကြရတာကို တွေ့မြင်ကြရပါလိမ့်မယ်။
ပထမသဏ္ဍာန်က ဥပဒေတွင်း စည်းရုံးရေးပုံစံဖြစ်ပြီး ဒုတိယသဏ္ဍာန်ကတော့ လက်နက်ကိုင် စည်းရုံးရေးပုံစံ ဖြစ်ပါတယ်။ အမည်နာမအမျိုးမျိုးနဲ့ လက်ရှိ တည်ရှိလှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို အမျိုးအစား ခွဲခြားကြည့်မယ်ဆိုရင်လည်း “ပါတီ၊ အစည်းအရုံး၊ အဖွဲ့၊ အဖွဲ့ချုပ်၊ တပ်ဦး၊ တပ်ပေါင်းစု” စသဖြင့် ဘယ်လိုအမည်နာမ ခံယူထားပါစေ၊ ဒီပုံစံ ၂ မျိုးအနက် တစ်မျိုးမျိုးထဲမှာ အကျုံးဝင်နေတာကို တွေ့ရပါလိမ့်မယ်။
အထက်မှာတင်ပြခဲ့သလို ဥပဒေတွင်းစည်းရုံးရေးပုံစံနဲ့ လက်နက်ကိုင်စည်းရုံးရေးပုံစံ ဆိုတဲ့သဏ္ဍာန် ၂ မျိုးနဲ့ တည်ရှိနေရတာရဲ့ မူလအကြောင်းအချက်ဟာ အုပ်စိုးသူများက လွှမ်းမိုးချုပ်ကိုင် ဖန်တီးထားတာဖြစ်ပြီး ဘယ်ပုံစံကို ရွေးချယ်ကြရသလဲ ဆိုတဲ့အချက်ကတော့ သက်ဆိုင်သူတွေရဲ့ အဆုံးအဖြတ်က ပဓာနကျတယ်လို့ မြင်ပါတယ်။
လွတ်လပ်ရေးမစမီကပဲဖြစ်ဖြစ်၊ လွတ်လပ်ရေးရပြီးနောက်မှပဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီအဖွဲ့ အစည်းတွေရဲ့ ပထမဦးဆုံးရွေးလမ်းဟာ ငြိမ်းချမ်းတဲ့ ဥပဒေတွင်းစည်းရုံးရေးပုံစံပဲ ဖြစ်ပါတယ်။
အုပ်စိုးသူများက ရုတ်တရက် ရှောင်တခင် ဖန်တီးလိုက်တဲ့ အကြောင်းအချက်နဲ့ အချိုးအကွေ့တစ်ခုမှာ ငြိမ်းချမ်းတဲ့ ဥပဒေတွင်းစည်းရုံးရေးပုံစံ လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ အကြောင်းအချက် အခြေအနေ မရှိတော့တဲ့အခါ၊ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခါ ဒုတိယသဏ္ဌာန်ဖြစ်တဲ့ လက်နက်ကိုင်စည်းရုံးရေးပုံစံကို မဖြစ်မနေ ပြောင်းလဲ ရွေးချယ်ကြပါတော့တယ်။
အထက်မှာတင်ပြခဲ့တဲ့ အကြောင်းအချက်အခြေအနေတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လှုပ်ရှားရတဲ့ စည်းရုံးရေးပုံစံတွေကို ပြည်တွင်းစစ် နှစ်ပေါင်း ၈၀နီးပါး (အတိအကျအားဖြင့် ၇၇နှစ်) ကာလအတွင်း ပေါ်ပေါက်ခဲ့ သော၊ ဆက်လက် တည်ရှိနေသေးသော၊ လုံးဝ ပျောက်ကွယ်သွားခဲ့ရသော၊ ပုံစံတစ်မျိုးနဲ့ ထပ်မံ ပေါ်ပေါက်လာသော၊ အသစ်ထပ်မံ ပေါ်ပေါက်လာသော နိုင်ငံရေးပါတီအဖွဲ့အစည်းများရဲ့ ယေဘုယျအခြေအနေ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ အရေအတွက် တစ်စုံတစ်ရာနဲ့ တည်ရှိခဲ့ကြ ဖူးပါတယ်။ ၁၉၄၈ မတ်လ ၂၈ရက် နောက်ပိုင်းမှာတော့ တချိန်က ဥပဒေတွင်းပါတီတစ်ခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ(ဗကပ)ဟာ လက်နက်ကိုင်စည်းရုံးရေးပုံစံသို့ ပြောင်းလဲသွားခဲ့ရပါတယ်။ ထို့အတူ ဥပဒေတွင်း ပါတီအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ KNDO နဲ့ MNDO တို့ဟာလည်း ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကစလို့ လက်နက်ကိုင်စည်းရုံးရေး ပုံစံသို့ ပြောင်းလဲသွားခဲ့ကြရပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ ဘယ်လိုနိုင်ငံ ရေးပါတီအဖွဲ့အစည်းကိုမှ ဥပဒေတွင်းစည်းရုံးလှုပ်ရှားခွင့် လုံးဝ(လုံးဝ) မပြုတော့ဘဲ နိုင်ငံရေးကို ဗိုလ်နေဝင်း စစ်အုပ် စုရဲ့ တစ်လက်ကိုင်ပါတီ (ဝါ) ခါးပိုက်ဆောင်ပါတီဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ပါတော့တယ်။ အဲဒီလို တစ်ပါတီနိုင်ငံရေးကို စစ်အုပ်စုပိုင် နိုင်ငံရေးပါတီဖြစ်တဲ့ (မဆလ)ပါတီကပဲ ထင်သလို ဗိုလ်ကျပြီး လုပ်ခဲ့တာဟာ ၁၉၆၄ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဖြစ်ပါတယ်။
ဒါဟာ မည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းကိုမျှ ဥပဒေဘောင်အတွင်း ရပ်တည်ခွင့်လုံးဝမပေးတဲ့၊ ဒီမိုကရေစီ အခွင့်အရေးချိုးဖောက်တဲ့၊ တစ်ပါတီထဲ ထင်သလိုဗိုလ်ကျဖိနှိပ်တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ တစ်ပါတီ အာဏာရှင်စနစ် အုပ်စိုးမှုဖြစ်ပါတယ်။ ဒီစနစ်ဆိုးအုပ်စိုးမှုကို ၁၉၇၄ အခြေခံဥပဒေနဲ့ ကျားကန်ပေးပါတယ်။
ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ (မဆလ) တစ်ပါတီအာဏာရှင်အုပ်စိုးမှုနဲ့ ၁၉၇၄ အခြေခံဥပဒေဟာ ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ ရဟန်းရှင်လူ ကျောင်းသားလူငယ် ပြည်သူများရဲ့ ရှစ်လေးလုံးအရေးအခင်းကြီး (ဝါ) ၁၉၈၈ခုနှစ် ဒီမို ကရေစီအရေးတော်ပုံကြီးကြောင့် ပြိုကျပျက်စီးသွားခဲ့ရပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့နောက်ပိုင်းကနေ စတင်လို့ ဗိုလ်နေဝင်းစစ်အုပ်စုဆီကနေ အာဏာအမွေ ဆက်ခံတဲ့ စောမောင် - ခင်ညွန့်(နဝတ -နအဖ) စစ်အုပ်စုက နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပြုလာရပါတယ်။
ဒါဟာ ရဟန်းရှင်လူ ကျောင်းသားလူငယ်ပြည်သူများရဲ့ ရှစ်လေးလုံးအရေးအခင်းကြီး (ဝါ) ၁၉၈၈ ခုနှစ် ဒီမိုက ရေစီအရေးတော်ပုံကြီးရဲ့ တိုက်ပွဲအရှိန်အဟုန်ကြောင့် ရရှိလာတဲ့၊ အရေးပါတဲ့ အောင်သီးအောင်ပွင့်ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်ကတော့ ရှစ်လေးလုံးအရေးအခင်းကြီးကြောင့် ပြိုကျသွားတဲ့ ဗိုလ်နေဝင်း စစ်အုပ်စုဟာ ပြည်သူ့အား ကို ဘယ်လိုမှ မလွန်ဆန်နိုင်တော့တာကြောင့် (မဆလ)တစ်ပါတီထဲ ဗိုလ်ကျနေရာကနေ နိုင်ငံရေးပါတီအဖွဲ့အစည်း တွေ ဖွဲ့စည်းခွင့်၊ တည်ရှိခွင့်ပြုလာရတဲ့ အနေအထားဖြစ်ပါတယ်။
အဲဒီအချိန်ကနေ စတင်လို့ ဥပဒေတွင်း နိုင်ငံရေးပါတီအဖွဲ့အစည်းတွေထဲမှာ အုပ်စိုးသူစစ်အုပ်စုရဲ့ လက်ဝေခံ ပါတီတွေ၊ ရုပ်သေးပါတီတွေ၊ စပွန်ဆာပါတီတွေ၊ နောက်မြီးဆွဲပါတီတွေ အမည်နာမအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပါ တော့တယ်။ တစ်ပြိုင်နက်ထဲမှာ စစ်အုပ်စုက လုပ်သမျှ “အမျိုးသားနိုင်ငံရေး” ဖြစ်ပြီး တရားဝင် နိုင်ငံရေးပါတီတွေက လုပ်တဲ့ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုတွေကို “ပါတီနိုင်ငံရေး” ဆိုပြီး အိုးမဲသရုပ်ဖျက် ထိုးနှက်တာတွေ စတင်လာပါတော့ တယ်။
၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ အဓမ္မ အတည်ပြုပြီးတဲ့နောက်ပိုင်းမှာတော့ စစ်အုပ်စုဟာ ကြံ့ဖွံ့အ သင်းကို စစ်အုပ်စုပိုင် ခါးပိုက်ဆောင်နိုင်ငံရေးပါတီအဖြစ် ဗြောင်အကျဆုံး အသွင်ပြောင်းပြီးနောက် အမည်နာမ အမျိုး မျိုးယူထားတဲ့ အခြားသော နိုင်ငံရေးပါတီတွေကို သူတို့ရဲ့ လက်အောက်ခံပါတီတွေ၊ စပွန်ဆာခံပါတီတွေအဖြစ် ဖွဲ့စည်း စေပြီး “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့မျက်လှည့်ပွဲကို ပြည်တွင်း/ပြည်ပမှာ အသုံး တော်ခံစေပါတော့တယ်။
ဘယ်လိုမှ ဖုံးကွယ်ပစ်လို့မရတဲ့ အင်မတန် ထင်ရှားတဲ့ လက်တွေ့ပကတိဖြစ်ရပ်မှန်ကတော့ စစ်အုပ်စုကို ကျင်းပပေးတဲ့ အထွေထွေရွေးကောက်ပွဲ သို့မဟုတ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပြည်သူအများက လိုလားအား ကိုးတဲ့၊ လေးစားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်ပြီဆိုရင် စစ်အုပ်စုက မွေးမြူဖွဲ့ စည်းထားတဲ့ ခါးပိုက်ဆောင်ပါတီနဲ့ သူတို့လက်ဝေခံပါတီတွေဟာ အရှုံးကြီးရှုံးကြရတယ်ဆိုတဲ့ အချက်ပါပဲ။ တစ်ဆက် တည်း ထူးခြားချက်ကတော့ အဲဒီလို တခဲနက် အနိုင်ရသွားတဲ့အခါ လုပ်ကြံဖန်တီးတဲ့ အကြောင်းပြချက်တွေနဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပစ်တာ သို့မဟုတ် အာဏာသိမ်းတာပါပဲ။
နောက်ထပ် ထူးခြားမှုတစ်ခုက အထင်မှာတင်ပြခဲ့သလို ပြည်သူအများက လိုလား အားကိုး အားထားတဲ့ လေး စားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်တာ လုံးဝမရှိဘူးဆိုရင်တော့ စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်ပါတီနဲ့ အမည်နာမအမျိုးမျိုးနဲ့ လက်ဝေခံပါတီတွေဟာ သူတို့ချည်း အနိုင်ရကြတယ်ဆိုတဲ့ အချက်ပါပဲ။
ဒီအချက်က စစ်အုပ်စုလက်ခုပ်ထဲက နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲတွေရဲ့ ပကတိသရုပ်မှန်ကို လုပ်ကြံ ချဲ့ကားမှု အလျဉ်းမပါရှိတဲ့ လက်တွေ့ဖော်ပြချက်ဖြစ်ပြီး “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်” ဆိုတဲ့ လိမ်ညာမှုကို ဖော်ထုတ်ဖွင့်ချပြနေပါတယ်။
အခုလည်း မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတင်မြှောက်နိုင်ဖို့ ရွေးကောက်ပွဲကို ဟန်ပြလုပ်နေတာပါ။ အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/နည်းဥပဒေ၊ နိုင်ငံရေး ပါတီအဖွဲ့အ စည်းတွေ၊ ရွေးကောက်ပွဲတွေ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)၊ ရွေးကောက်ပွဲရလဒ် စတာတွေဟာ မင်းအောင်လှိုင်က သွန်လိုသွန် မှောက်လိုမှောက်နိုင်တဲ့ စစ်အုပ်စုလက်ခုပ်ထဲက ရေပဲ ဖြစ်ပါတယ်။ စိတ်ကြိုက်လိုချင် တဲ့ရလဒ်လည်း ထွက်ပေါ်အောင်ဖန်တီးလို့ ရပါတယ်။
တစ်ပါတီအာဏာရှင်စနစ်ကိုလည်း ၁၉၇၄ အခြေခံဥပဒေနဲ့ စစ်အုပ်စုကပဲ ဖန်တီးခဲ့သလို “စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာကိုလည်း ၂၀၀၈အခြေခံဥပဒေနဲ့ စစ်အုပ်စုကပဲ ဖန်တီးထားတာပါ။
“စစ် ၃စစ်” ရှိနေသမျှ၊ စစ်အုပ်စုလက်ခုပ်ထဲမှာ “အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ/နည်းဥပဒေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲတွေ” ရှိနေသမျှ “စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်” ဘယ်လိုမှ ဘယ်တော့မှ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။







