စစ်ကော်မရှင်က ဝက်လက် အနောက်ခြမ်း ကျေးရွာ ၇ ရွာ မီးရှို့ဖျက်ဆီး

စစ်ကော်မရှင်က ဝက်လက် အနောက်ခြမ်း ကျေးရွာ ၇ ရွာ မီးရှို့ဖျက်ဆီး

စစ်ကော်မရှင်တပ် စစ်ကြောင်းများ အပြင်းအထန် ထိုးဝင်လာနေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်း၌ တစ်ပတ်အတွင်း ကျေးရွာပေါင်း ၇ ရွာ မီးရှို့ခံလိုက်ရသည်။

ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းရာ တစ်ပတ်အတွင်း ကျေးရွာ ၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည် ဟု Wetlet Informational Network (WIN) (ဝက်လက် သတင်း ကွန်ရက်) က ထုတ်ပြန်သည်။ 

တော်လှန်ရေး အင်အားစုများ အားကောင်းသည့် ဝက်လက် အနောက်ဘက်ခြမ်းကို စစ်တပ်က တစ်နှစ်ဝန်းကျင် ခန့် စစ်ကြောင်းထိုးခြင်း မရှိခဲ့ရာမှ ယခုတစ်ကြိမ် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဆားတောင်မြို့နှင့် ရွှေဘိုမြို့အခြေစိုက် စစ်ကော်မရှင် စစ်ကြောင်းက အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် တမာကုန်း၊ ရွာတော်ကုန်း၊ တံတားဦး၊ ထုံးဘို ကျေးရွာများ၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ဘေးရှောင်နေအိမ်များ၊ မူးကြီးကျေးရွာ တို့အပြင် နိုဝင်ဘာလ ၆ ရက်နေ့က မြင်တော်ကျေးရွာတို့ကိုပါ စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးလာရခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ကျနော်တို့အင်အားစုက ရွာသာကြီးအထိုင်ကို ဝင်ရောက်သိမ်းပိုက်တဲ့ အခါကျတော့ ကျနော်တို့ဘက်က လိုအပ်ချက်တွေကြောင့် မသိမ်းနိုင်သေးဘူး။ အဲ့ချိန်မှာ သူတို့က အင်အားဖြည့်ပြီးတော့ နယ်မြေပတ်ရှင်းတယ်။ ပြီးတော့ ရွာတွေကို မီးရှို့တယ်။ အဲ့လို ယူဆပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်တွင် ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာတွင် အထိုင်ချထားသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

အဆိုပါတိုက်ပွဲ အပြီးတွင် စစ်ကော်မရှင်တပ်က Mi-17 ထောက်ပို့ရဟတ်ယာဥ်များ အသုံးပြုကာ ရွာသာကြီး ကျေးရွာရှိ အထိုင်စခန်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက

ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ဝက်လက် အနောက်ခြမ်းဒေသသည် တော်လှန်ရေးအင်အားစုများ လွှမ်းမိုးထားသော ဧရိယာ ဖြစ်သည်။

ဒေသခံတစ်ဦးက “အနောက်ခြမ်းက စစ်ကြောင်းမထိုးတာကြာပြီ တစ်နှစ်ဝန်းကျင်လောက်ရှိပြီ။ ဒီနှစ်ထဲမှာ တော့ ဒါပထမဆုံးဘဲ။ ဒီမှာက ကျနော်တို့တွေက စိုးမိုးထားတာ၊ သူတို့က အထိုင်ဘဲရှိတာ အထိုင်ကနေ ဘယ်မှ မထွက် ဘူး” ဟု ပြောသည်။

ယခုတစ်ကြိမ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာပေါင်း ၂၀ ခန့် မှ အရပ်သားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။

စစ်ကော်မရှင်တပ်သည် လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် အပိုင်း (၁) ရွေးကောက်ပွဲအတွက် ကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်ကို ထုတ်ပြန်ထားရာ စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၂ ခု ပါဝင်သည်။

ဝက်လက်မြို့နယ် အနောက်ခြမ်းကို ယခုကဲ့သို့ အင်အားသုံး စစ်ရေး လှုပ်ရှားလာခြင်းမှာ ရွေးကောက်ပွဲ

ကျင်းပမည့် မြို့နယ်များအတွင်း နယ်မြေစိုးမိုးမှု ရရှိရေးအတွက် စစ်ရေး အပြင်းအထန် လှုပ်ရှားခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ယူဆကြသည်။

ထို့ကြောင့် Wetlet Informational Network (WIN) က ဝက်လက်မြို့နယ် အနောက်ခြမ်းမှ ဒေသခံများအနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကို သတိထားကြရန် နှင့် အရေးကြီး အချက်အလက်နှင့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...