စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အင်တာနက်အသုံးပြုမှု ၂၄ နာရီ စောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ညွန်ကြားထားတဲ့အတွက် အွန်လိုင်းသုံးစွဲသူတွေအနေနဲ့ သတိထားဖို့ လေ့လာသူတွေက အကြံပြုပါတယ်။
အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ် အရေးယူနိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးက ဩဂုတ် ၁၄ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာ စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်ကြော်ငြာစာအရ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတွေ တင်တာ၊ မဖွယ်မရာတွေ တင်တာ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ အင်တာနက်ပေါ်က သတင်းတွေအပါအဝင် မဖွယ်မရာပုံတွေ ဗီဒီယိုတွေနဲ့ လိင်အသားပေး ကိစ္စရပ်တွေ တင်တာအပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို နည်းပညာကျွမ်းကျင်တဲ့ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းပြီး ၂၄ နာရီ စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ အချက်တွေကို ပိုစ့်တင်တာ၊ ထုတ်လွှင့်တာ၊ မျှဝေတာ အားပေးအားမြှောက်ပြုတာတွေ လုပ်ဆောင်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ပြီး တားမြစ်ဖို့ နဲ့ ကျူးလွန်သူတွေကို တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူဖို့ တာဝန်ပေးထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြည်သူတွေကို ဥပဒေအရ တရားဝင် စောင့်ကြည့်တော့မှာဖြစ်လို့ ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး သတိထားဖို့ လိုမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေကို တရားဝင်စောင့်ကြည့်တော့မယ်၊ ဥပဒေအရ စောင့်ကြည့်တော့မယ်။ လိုအပ်ရင် လိုအပ်သလို အရေးယူတော့မယ်ဆိုတာတွေကို တွေ့ရပါတယ်။အများကြီး သတိထားဖို့ လိုပါမယ်။ အထူးသဖြင့်တော့ Digital Safety (ဒီဂျစ်တယ်လုံခြုံ ရေး) အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ဥပဒေတစ်ရပ်ထုတ်ပြီး သူတို့က ကိုင်တွယ်တော့မယ်။ အဲဒါဆိုရင် နောက်တစ်ခုမေးစရာရှိတာ အခုတယ်လီဂရမ်မှာ (စစ်တပ်လော်ဘီတွေ) ရေးနေတဲ့ သတင်းတု သတင်းမှားတွေကို ဘယ်လိုလုပ်မလဲပေါ့နော်”လို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ အင်တာနက်ပေါ်က သတင်းတု သတင်းမှားဖော်ပြနေမှုတွေအတွက် အဖွဲ့ဖွဲ့စည်းပြီး တန်ပြန်ဖို့ အပါအဝင် ကျူးလွန်သူတွေ အသုံးပြုတဲ့ ဖုန်းနံပါတ်တွေ ပိတ်သိမ်းတာ ဘဏ်အကောင့်အချက်အလက်တွေ ငွေသွင်းငွေထုတ်မှတ်တမ်းတွေ ရယူတာနဲ့ ဘဏ်အကောင့်တွေကို ယာယီတားဆီးတာဖို့ ဖြစ်ပါတယ်။
ဒီအတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါအဝင် သက် ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားတာပါ။
ဒါ့အပြင် ကျူးလွန်သူတွေအပေါ် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက တားမြစ်ပေးနိုင်ဖို့ ကန့်ကွက်စာ အကြောင်းကြားစာတွေ ပေးပို့တာအပါအဝင် တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲ အရေးယူနိုင်ရေး အကြောင်းကြားဖို့ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဝေဖန် တိုက်ခိုက်တဲ့အသံတွေနဲ့ အားလုံးက ဆန့်ကျင်ကန့်ကွက်တဲ့အသံတွေ တိတ်ဆိတ်သွားအောင် လုပ်တာလို့ ထောက်ပြကြပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ ကိုယ့်သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီး အွန်လိုင်းအသုံးပြုတဲ့အခါ လုံခြုံရေး ဂရုစိုက်ဖို့ အကြုံပြုပါတယ်။
“ပြည်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ အွန်လိုင်းပေါ်မှာ ဘာပဲဖြစ်ဖြစ် Like လေးတစ်ချက် Ha Ha လေးတစ်ခုကနေ ပြဿနာတွေ တက်သွားနိုင်တယ်။ ပြီးတော့ နောက်ဆုံး ထောင် ကျသွားနိုင်တယ်။ စစ်ကြောရေးမှာလည်း စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှု ခံရနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ပြည်သူတွေကို မှာကြားချင်တာ အထူးသဖြင့် ကိုယ့်ရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။ ကိုယ့်သဘောထားရပ်တည်ချက်က ဘာလဲဆိုတာ နိုင်ငံတကာကလည်း သိပါတယ်။ သိအောင်လည်း ကျွန်တော်တို့ ဆက်ပြီးပြပေးရမယ့် တာဝန်ရှိတယ်”လို့ ဆိုပါတယ်။
လက်ရှိ ဖွဲ့စည်းထားတဲ့ ကော်မတီမှာတော့ ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုဝန်ကြီးက ဒုတိယဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် (၂) က အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပါတယ်။
အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားတာ ဝေဖန်ရေးသား လှုံ့ဆော်တာတွေကို စစ်ကော်မရှင်က အွန်လိုင်းရော မြေပြင်မှာပါ စောင့်ကြည့်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူလာနေတာပါ။
နိုဝင်ဘာ ၃ ရက်နေ့အထိ အထွေထွေရွေးကောက်ပွဲတွေကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး နှောင့်ယှက် ဟန့်တား ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ရေးယူခံရသူ ၉၅ ဦးအထိ ရှိလာတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရေးယူခံရသူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) ၊ ၂၄ (က) တို့နဲ့ အမှုဖွင့်ထားပြီး အဲဒီပုဒ်မတွေအရ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။
လေ့လာသူတွေကတော့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် ဝေဖန်ရေး သားတာ၊ ဟောပြောလှုံ့ဆော်တာ၊ နှောင့်ယှက်ဟန့်တားတာတွေကို ဥပဒေနဲ့ အရေးယူနိုင်အောင် ကြိုတင်စီမံထားတာလို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် စစ်တပ်ပြောတဲ့ အမှန်တရားကိုပဲ လက်ခံတော့မယ့် အနေအထားဖြစ်ပြီး အဲဒါနဲ့ ဆန့်ကျင်ကွဲလွဲရင် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူစောင့်ကြည့်ဖို့ လုပ်တာဟာ ဒီဂျစ်တယ်အခွင့်အ ရေး ချိုးဖောက်တာလို့ သုံးသပ်ပါတယ်။
မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ ၂၀၂၁ ကနေ လက်ရှိအချိန်အထိ လူမှုကွန်ရက်အသုံးပြုမှုကို ကန့်သတ်သုံးစွဲနေရတာမို့ စောင့်ကြည့်ခံရမယ့်အထဲ မပါအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ပဲ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကတော့ ဒီကာလအတွင်းမှာ ဒီဟာကို (လူမှုကွန်ရက်ပလက်ဖောင်းတွေ) အကြောင်းမရှိရင် မသုံးတာပဲ ကောင်းတယ်။ဘာလို့ဆို အန္တရာယ်များတာပေါ့နော်။ ပြီးတော့ ကိုယ့်ရဲ့ အချက်အလက်တွေ ဒေတာတွေကို စောင့်ကြည့်နေတယ်ဆိုတော့လည်း ခါတိုင်းလို အဓိက ၂၀၂၁ ကတည်းက ကျွန်တော်တို့မှာ ကိုယ့်ရဲ့ အခွင့်အရေးပေါ့ အများကြီးဆုံးရှုံးထားတယ်ဆိုတော့ ဒီထက်ပိုပြီး မဖြစ်အောင် အဓိကကိုယ့်ကိုယ်ကိုပဲ စောင့်ရှောက်ဖို့လိုတယ်”လို့ ဆိုပါတယ်။
တစ်ဘက်မှာ သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့အပါဝင် ဆိုက်ဘာအလွဲသုံးပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ဖို့ဆိုပြီး စစ်ကော်မရှင်က ဆိုက်ဘာလုံခြုံရေးဥပဒေကို အသက်သွင်းထားတာပါ။
Data For Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ လူမှုကွန်ယက်တွေပေါ်မှာ စစ်ကော်မရှင်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်း ဆီးခံရသူ ၁၉၉၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။







