နာမည်ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့က စိတ်ဝင်စားစရာများ

နာမည်ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့က စိတ်ဝင်စားစရာများ

သောင့်ဝေါ် — ရွှေကုက္ကိုလ်လို့ ပြောလိုက်ရင် အများအမြင်မှာ အလိမ်အညာလုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး အန္တရာယ် များတဲ့နေရာ တစ်ခုအနေနဲ့ ယေဘုယျအားဖြင့် နာမည်ဆိုးနဲ့ ထင်မြကြပါတယ်။

အကြောင်းက ဒီနေရာမှာ ကာစီနိုလောင်းကစားဝိုင်းတွေသာမက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူး ဂိုဏ်းတွေ အစရှိတဲ့ မာဖီးယား ဆန်ဆန် မကောင်းမှုဒုစရိုက်မှန်သမျှ စုဝေးရာ အရပ်အနေနဲ့ လူအများသိထား ကြလို့ပါ။

လူအများသိထားသလိုပဲ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ လှည်ပတ်နေတာဟာ တကယ့်မြေပြင်မှာ ရှိနေတဲ့

ငြင်းမရတဲ့အချက်ပါ။ နိုင်ငံတကာရဲ့ စောင့်ကြည့်မှု အောက်မှာ ဖိအားတွေ ကြုံနေရပေမဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်တဲ့ လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ ဆက်လက် လည်ပတ်နေဆဲပါ။

ဒီလို နာမည်ဆိုးတဲ့ ကျော်ကြားနေပေမဲ့ ရွှေကုက္ကိုလ် ဒေသကို ဝင်ရောက် လေ့လာလိုက်ရင် အပြင်လောက လူတွေ မသိနိုင်တဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်းရှိနေပါတယ်။

လုံခြုံရေး အထပ်ထပ်

မြဝတီမြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀ သာဝေးတဲ့ ရွှေကုက္ကိုလ်ကျေးရွာလေးဟာ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှာ ဒေသခံတွေ သတိမထားမိတဲ့ အခိုက်အတန့်မှာပဲ နေ့ချင်း ညချင်းဆိုသလို အထပ်မြင့် အဆောက်အဦးပေါင်းများစွာနဲ့ မြို့ပြကြီးအဖြစ်ကို ဆယ်စုနှစ်တစ်ခုမကြာဘဲ ပြောင်းလဲသွားခဲ့ပါတယ်။

နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အကာအကွယ်ပေးမှု အကူအညီကို ရယူပြီး တရုတ် လုပ်ငန်းရှင် သူဌေးတွေဟာ ဒီအနေအထားထိ ပြောင်းလဲပေးလိုက်တာကလည်း အများအသိဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုရဲ့ နောက်ကွယ်က သရုပ်မှန်တွေကိုတော့ သာမန်အရပ်သားတွေ မခန့်မှန်း မသိရှိနိုင်ဘဲ များစွာ သော ဒုစရိုက်လုပ်ငန်းတွေ ရှိနေမယ်ဆိုတာလောက်ပဲ သဘောတရားအားဖြင့် သိရှိနားလည်ထားကြပါတယ်။

ဒါတွေကို ဖုံးကွယ်ထားနိုင်ဖို့အတွက်ကိုလည်း ရွှေကုက္ကိုလ်ဒေသကို ဝင်ထွက်သွားလာမှုတွေကို လုံခြုံရေး အထပ်ထပ် ချထားပြီး တင်းကြပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ကြပါတယ်။

မြဝတီဘက်ခြမ်းကနေ ဝင်ရောက်မယ်ဆိုရင် လုံခြုံရေး စစ်ဆေးရေးဂိတ် အနည်းဆုံး ၃ ဂိတ်လောက် ချထားပြီး ရွှေကုက္ကိုလ်ရွာအဝင်ဂိတ်မှာတော့ BGF တပ်ဖွဲ့ဝင် အမျိုးသမီးတွေကိုယ်တိုင် စစ်ဆေးတာတွေကို တင်းတင်း ကြပ်ကြပ် လုပ်ဆောင်ပါတယ်။

အထူးသဖြင့် ရွှေကုက္ကိုလ်ဒေသခံ ဟုတ်မဟုတ် စစ်ဆေးသလို ဒေသခံမဟုတ်ဘဲ ပြင်ပက လာရောက်နေ ထိုင် အလုပ်လုပ်ကိုင်သူတွေ အနေနဲ့ဆို BGF က ထုတ်ပေးထားတဲ့ ရွှေကုက္ကိုလ်ဒေသတွင်းနေထိုင်ခွင့် စာရွက်စာတမ်း ရှိ၊မရှိ စစ်ဆေးပါတယ်။

ဒါကြောင့် ရွှေကုက္ကိုလ် ဒေသခံ ဒါမှမဟုတ် BGF အဖွဲ့ဝင်လို လူတွေ မပါဘဲ ဝင်ရောက်ဖို့ မလွယ်ကူသလို ရွှေကုက္ကိုလ်ဒေသအတွက် သီးသန့် ထုတ်ပေးထားတဲ့ လိုင်စင်နဲ့ ယာဉ်မဟုတ်ရင်လည်း ပြင်ပက လာတဲ့ ယာဉ်တွေကို ပေးဝင်တာမျိုး အခွင့်မပေးပါဘူး။

စီးပွားဖြစ် ယာဉ်လိုင်စင်

BGF အာဏာပိုင်တွေက ရွှေကုက္ကိုလ်ဒေသထဲမှာ မောင်းနှင်ခွင့်ရှိတဲ့ ယာဉ်လိုင်စင်တွေကို သီးသန့် ထုတ်ပေး ပါတယ်။ အဲ့လို ယာဉ်လိုင်စင်ထုတ်ပေးတဲ့နေရာမှာလည်း အရပ်သား၊ စစ်သားနဲ့ တရုတ်တွေ စီးနင်းနေတဲ့ ယာဉ်လိုင်စင်ဆိုပြီး ခွဲခြားထားပါသေးတယ်။

အရပ်သားကားတွေဆို နံပါတ်ပြားမှာ (KYN. 9B/ 8B)ဆိုပြီး သတ်မှတ်ပေးပါတယ်။ BGF တွေ စီးနင်းတဲ့ ကား တွေဆို (9K) နဲ့ စပြီး တရုတ်လုပ်ငန်းရှင်တွေ စီးနင်းတဲ့ကားတွေဆို (9V) ဆိုတဲ့ စာလုံးတွေ နဲ့ ခွဲခြားသတ်မှတ် ထားပါတယ်။ ဆိုင်ကယ်တွေကိုတော့ (SKK) အစစာလုံးတွေနဲ့ သတ်မှတ်ပေးထားပါတယ်။

အဲ့ဒီ ထုတ်ပေးတဲ့ ယာဉ်လိုင်စင်တွေအတွက်လည်း အခွန်ငွေ ကောက်ခံပါသေးတယ်။ သာမန်အရပ်သားကား တွေဆို တစ်နှစ်စာအတွက် ဘတ် ၈ ထောင်ပေးဆောင်ရပါတယ်။ တရုတ်သူဌေးတွေဆို ဘတ် ၃ သောင်းအထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့လည်း ရွှေကုက္ကိုလ်မှာ အင်မတန် တင်းကြပ်ထားပါတယ်။ BGF ကနေ ဖွဲ့စည်းပေးထားတဲ့ ယာဉ်ထိန်းရဲတွေဟာ ၂၄ နာရီ အချိန်ပြည့် တာဝန်ယူရပြီး လမ်းဆုံလမ်းဂွတွေမှာ ၃ ဦးထက်မနည်း စောင့်ကြည့်ကြပါတယ်။

ပိုပြီးထူးခြားတာက ရွှေကုက္ကိုလ် မြို့ထဲမှာ ယာဉ်ကြီး ယာဉ်ငယ်အားလုံး ကီလိုမီတာ (၃၀) အတွင်းသာ မောင်းနှင် ခွင့်ရှိပြီး ကီလိုကျော်မောင်းတာ၊လမ်းပြောင်းပြန်မောင်းတာနဲ့ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ သူတွေကိုလည်း သက်ညှာမှုမရှိ ဒဏ်ရိုက်ပါတယ်။

ကီလိုကျော်မောင်းနှင်တဲ့ ကား နဲ့ ဆိုင်ကယ်တွေကို မြန်မာနိုင်ငံသားဆိုရင် ဒဏ်ငွေ ဘတ် ၅၀၀ ချက်ချင်းဆောင် ခိုင်းပြီး တရုတ်နိုင်ငံသားတွေဆိုရင် ဒဏ်ငွေ ဘတ် ၃,၀၀၀ ဆောင်ခိုင်းပါတယ်။ ဒဏ်ငွေမဆောင်နိုင်သူတွေကို တော့ ဖမ်းမိတဲ့နေရာမှာပဲ ထိုင်၊ ထ အချက် တစ်ရာ လုပ်ခိုင်း‌ပြီး ပြစ်ဒဏ်ပေးပါတယ်။

ရွေးချယ်စရာ အလုပ်နှစ်ခု

ရွှေကုက္ကိုလ်မြို့ဟာ ငွေလိမ်ကျားဖြန့် ဒုစရိုက်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြာနေပေမဲ့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုနှစ်စလုံးက လူတွေ ဒီမှာ စုရုံးရောက်ရှိ‌ နေကြတယ်လို့ ဆိုပါတယ်။

အများစုဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရောက်လာကြသလို နယ်မြေဒေသ မအေးချမ်းတာတွေ၊ စစ်မှုထမ်း ရှောင်တာတွေ၊ ပြစ်မှုရှောင်တဲ့သူတွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေ စသဖြင့် လူတန်းစား ပေါင်းစုံ တွေ့မြင်ရပါတယ်။

မတူညီတဲ့နေရာ ဒေသ နယ်ပယ်အသီးသီးက စုရုံးရောက်ရှိလာကြပေမဲ့ ရောက်ရှိလာကြတဲ့ ရည်ရွယ်ချက်ကတော့ တူညီနေကြပါတယ်။ ဒါကတော့ ငွေရှာဖို့အတွက်ပဲ ဖြစ်ပါတယ်။

ကုက္ကိုလ်ကိုရောက်ရင် ယေဘုယျအားဖြင့် ရွေးချယ်လုပ်ကိုင်စရာ နှစ်မျိုးနှစ်စားပဲရှိပါတယ်။ ကျားဖြန့်ငွေလိမ် စင်တာတွေမှာ လုပ်မလား၊ သာမန်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုက်ကြမလား ရွေးချယ်ရပါတယ်။ ဒါကတော့ မြန်မာနိုင်ငံသားတွေကိုသာ သီးသန့် ဆိုလိုချင်တာမျိုးဖြစ်ပါတယ်။

တခြား နိုင်ငံခြားသားတွေ အထူးသဖြင့် တရုတ်လို နိုင်ငံသားတွေက တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် နည်းလမ်း ပေါင်းစုံနဲ့ ရောက်လာကြပါတယ်။ လူကုန်ကူးခံရပြီး ရောက်လာကြတာမျိုးလည်းရှိပါတယ်။

ရောက်လာတဲ့ လူတိုင်းဟာ ငွေရှာဖို့အတွက် ကျားဖြန့်စင်တာတွေမှာ လုပ်ရင်လုပ် မဟုတ်ရင် ကျားဖြန့်မဟုတ်တဲ့ အခြားသော စားသောက်ဆိုင်၊ ဘား၊ ကလပ်၊ KTV၊ ဆေးခန်း၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆောက်လုပ်ရေး၊ သန့်ရှင်းရေးနဲ့ လုံခြုံရေး စတာတွေမှာ လုပ်ကြပါတယ်။

ကျားဖြန့်ကို ဘယ်သူတွေလုပ်ကြလဲ

ကျားဖြန့်အလုပ်ဆိုတာ လူအများသိထားသလို အွန်လိုင်းပေါ်ကနေ အုပ်စုဖွဲ့ ငွေလိမ်တဲ့ လုပ်ငန်းလို့ ယေဘုယျ အားဖြင့် ပြောဆိုကြပါတယ်။

ရွှေကုက္ကိုလ်မှာ ကျားဖြန့်စင်တာ(၅)ခု ရှိတယ်လို့ သိရပါတယ်။ Site 1 ကနေ Site 5 အထိရှိပြီးတော့ အထပ်မြင့် အဆောက်အဦးတွေ၊ ကြီးမားခိုင်ခံ့တဲ့ ခြံဝန်းတွေအပြင် ရထိုက် ကုမ္ပဏီက ငှားရမ်းထားပေးတဲ့ (ဒေသအခေါ် ရထိုက်လုံခြုံရေး) အနက်ရောင် ယူနီဖောင် ဝတ်ဆင်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက အချိန်ပြည့် စောင့်ကြည့် ပါတယ်။

အဲ့ဒီ Site နေရာတွေထဲမှာပဲ ငွေလိမ်လုပ်ငန်းတွေကို စီမံကိန်းဆွဲပြီးလုပ်ဆောင်ကြတယ်လို့ မိုးကုတ်ကနေ စစ်ပွဲရှောင်ရင်း ကုက္ကိုလ်ကို ရောက်လာလူငယ်တစ်ဦး ကျားဖြန့်လုပ်တဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ကနဦး သူတို့ရဲ့ ပစ်မှတ်ဟာ များသောအားဖြင့် တရုတ်နိုင်ငံသားအချင်းချင်း လိမ်လည် ကြတာပါ။ အခု နောက်ပိုင်း တရုတ်နိုင်ငံသားတွေသာမက အမေရိကား၊ ဥရောပ နိုင်ငံတွေအထိပါ ပစ်မှတ်ထား လိမ်လည် လာတယ်လို့ အဲ့လူငယ်က ဆက်ပြောပါတယ်။

အဲ့ဒါကြောင့် ရွှေကုက္ကိုလ်မှာ တရုတ်နိုင်ငံသားတွေကို နေရာတိုင်း မြင်တွေ့ရနိုင်ပါတယ်။ အခြားသော နိုင်ငံခြား သားတွေလည်း လိမ်လည်ခေါ်ယူခံရပြီး လူကုန်ကူး ခိုင်းစေခံရတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီလို နိုင်ငံခြား သားတွေကိုတော့ အပြင်ထွက်ခွင့်မပေးတာကြောင့် မြင်တွေ့ရဖို့ ခဲယဉ်းပါတယ်။

ဒါပေမဲ့ ကျားဖြန့်စင်တာတွေမှာ မြန်မာနိုင်ငံက ပညာတတ်လူငယ် အများအပြားလည်း ဝင်ရောက်လုပ်ကိုင် ကြပါတယ်။ အထူးသဖြင့် ပြည်တွင်း နိုင်ငံရေးအခြေအနေတွေကြောင့် ရွှေ့ပြောင်းရောက်ရှိလာတဲ့ ပညာတတ် လူငယ်အများအပြားကို တွေ့ရပါတယ်။

တရုတ်စကားကျွမ်းကျင်တဲ့ မြန်မာပြည်မြောက်ပိုင်းက ရှမ်း-တရုတ်တွေ၊ University of Foreign Languages (UFL) ကျောင်းဆင်းတွေ၊ ဆေးတက္ကသိုလ်မပြီးတဲ့ ဆရာဝန်လောင်းတွေ၊ ကွန်ပျူတာ ပညာရှင်တွေ စသဖြင့် လာရောက်လုပ်ကိုင်ကြတာပါ။

အထူးသဖြင့် ဒီပညာတတ်လူငယ်တွေဟာ နယ်မြေတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာသူတွေ၊ စစ်မှု ထမ်းဥပဒေကို ရှောင်လာကြသူတွေ၊ CDM လုပ်ထားသူတွေ၊ တပ်ပြေးတွေတောင် ပါတယ်လို့ ဆိုပါတယ်။

စံအိမ်တော်နဲ့ အခြွေအရံ

ကျားဖြန့်စင်တာတွေကို အကာအကွယ်ပေးနေတဲ့ BGF ခေါင်းဆောင်တွေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရှိတယ်လို့ Justice for Myanmar (JFM)ရဲ့ အစီအရင်ခံစာမှာ ဖော်ပြဖူးပါတယ်။

ဒီလိုရတဲ့ ဝင်ငွေတွေကနေပဲ BGF ခေါင်းဆောင်တွေဟာ တနေ့တခြား ပိုမို ချမ်းသာလာကြပါတယ်။ ရွှေ ကုက္ကိုလ်မြို့ရဲ့ ဘေးပတ်လည်တွေမှာ ခြံဝန်ကျယ်ကျယ် နဲ့ လက်နက်ကိုင်အစောင့်တပ်သား အပြည့်ချထားတဲ့ နေအိမ်အဆောက်အဦးတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ နေအိမ်ခြံဝန်းထဲမှာပဲ BGF ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ သား၊ သမီးတွေဆီမှာ အခြွေအရံ သဘောမျိုးနဲ့ လာနေကြတဲ့သူတွေလည်း ရှိပါတယ်။

အထူးသဖြင့် ရွှေကုက္ကိုလ်မှာပြုလုပ်တဲ့ ပျော်ပွဲ ရွှင်ပွဲ နဲ့ အားကစားပြိုင်ပွဲတွေမှာ BGF ခေါင်းဆောင် သား၊ သမီး တွေအနား ဝန်းရံအားပေးကြတဲ့အခါမျိုးမှာ အဲ့လိုလူတွေကို မြင်တွေ့ရပါတယ်။

ဒီလို အခြွေအရံသဘောမျိုး လာနေထိုင်ကြသူတွေဆိုတာကလည်း BGF ခေါင်းဆောင်တွေ ဒါမှမဟုတ် သူတို့ သား၊ သမီးတွေ၊ ဆွေမျိုးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေ၊ ပြည်နယ်တွင်းက နာမည်ရ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အားကစားသမားတွေ ပါဝင်ပါတယ်။

မိသားစုသဖွယ် နေအိမ်ခြံဝန်းတွေထဲမှာ နေခွင့်ပေးထားသလို မယ်မယ်ရရ အလုပ်လုပ်ရတာမျိုးလည်း မရှိကြဘူးလို့ ဆိုပါတယ်။

ပျော်ပွဲ ရွှင်ပွဲ၊မွေးနေ့ပွဲတွေ၊ အားကစားပွဲတွေမှာ လိုက်ပြီး အော်ဟစ်ကခုန် အားပေးရတာမျိုး၊ မှတ်တမ်းဓါတ်ပုံ ရိုက်ယူပေးရတာမျိုး၊ လူမှုကွန်ရက်စာမျက်နှာတွေ မြောက်ပင့် ရေးသားပြောဆိုပေးတာမျိုး ဒါတွေကို လုပ်ဆောင် ပေးကြရပါတယ်။

ခေတ်သစ် အခြွေအရံတွေလို့ သမုတ်ကြသလို သူတို့ကို ကရင်အသိုင်းအဝိုင်းထဲမှာလည်း BGF ဘောမ၊ အရှေ့ပိုးကရင်ဘာသာနဲ့ (တင်းဏာ-လမ်းမယူသူများ) စသဖြင့်လည်း ဝေဖန်ပြောဆိုခံရသူတွေ ဖြစ်ပါတယ်။

ခိုးမှု၊ မုဒိန်းမှု သေဒဏ်

ရွှေကုက္ကိုလ်ကို ဒေသပေါင်းစုံက အလွှာစုံ လူတန်းစားတွေ လာရောက် စုဝေးနေထိုင် လုပ်ကိုင် စားသောက်ကြ တာကြောင့် ဒေသရဲ့ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။

ရွှေကုက္ကိုလ်မှာ BGF ကနေ သီးသန့် ဖွဲ့စည်းပေးထားတဲ့ ရဲတပ်ဖွဲ့တွေတောင်ရှိနေပြီး ဒေသတွင်းမှာ ခိုးတာနဲ့ မုဒိန်းမှု ကျူးလွန်တာကို အတင်းကြပ်ဆုံး တားမြစ်ထားပါတယ်။

ကမ္ဘာပတ်ပြီး အကြီးအကျယ်လိမ်လည်တာဟာ ပြစ်မှုမမြောက်ပေမဲ့ ဒီနေရာမှာ ခိုးမှုနဲ့ မုဒိမ်းမှုတွေကိုတော့ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ်ပေးမယ်လို့ အမိန့် ထုတ်ပြန်ထားပါတယ်။

၂၄ နာရီဖွင့် ဆေးခန်းတွေ

ရွှေကုက္ကိုလ်မြို့ စျေးတန်း လမ်းတစ်လျှောက်မှာ ထူးထူးခြားခြား အများဆုံး မြင်တွေ့ရတာက ၂၄ နာရီ ဖွင့် ဆေးခန်းတွေပါ။ ရွှေကုက္ကိုလ်မှာ အပေါဆုံးက ဆေးခန်းပဲလို့တောင် စနောက် ပြောဆိုကြသံကို ကြားခဲ့ရပါတယ်။

ဒီလိုဆေးခန်းတွေပေါရတဲ့ အခြေခံအကြောင်းအရင်းကလည်း ၃ ခုရှိပါတယ်။ ပထမ တစ်ခုက ကျားဖြန့် စင်တာတွေက ဖွင့်ထားပေးတဲ့ တရုတ်ဆေးခန်းတွေဟာ အပြင်ဆေးခန်းတွေထက် ဆေးကုသစရိတ် အဆမတန် မြင့်မားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျားဖြန့် Site ထဲက အလုပ်သမားတွေကို အပြင်ထွက်ခွင့် တင်းကြပ်ထားတာကြောင့်ပါ။ အပြင် ထွက်ဖို့ အဆင့်ဆင့်သော တင်ပြမှုတွေ စစ်ဆေးမှုတွေ ဖြတ်ကျော်ရတာကြောင့် အချိန်ကုန်မခံလိုကြပါဘူး။

ဒါကို အခွင့်ကောင်းယူပြီး တရုတ်တွေက ကျားဖြန့် စင်တာအတွင်းမှာ စားသောက်ဆိုင် နဲ့ ဆေးခန်းတွေ ဖွင့်ပြီး အပြင်စျေးထက် အဆမတန်မြင့်တဲ့ ဆေးဝါး ကုသစရိတ်ကို တောင်းယူပါတယ်။ ဒီလိုကုသစရိတ် မြင့်တဲ့အတွက် စျေးသက်သာတဲ့ အပြင်ဆေးခန်းတွေကို ပိုမိုအားထားကြပါတယ်။

ဒုတိယတစ်ချက်အနေနဲ့ ရွှေကုက္ကိုလ်ဒေသမှာ တစ်ရက်အလုပ်ချိန်ဟာ ၁၂ နာရီ လုပ်ရတယ်လို့ ဆိုပါတယ်။ ၁၂ နာရီလုပ်ရတဲ့အပြင် ပိတ်ရက်လည်းမရှိဘူးလို့လည်း သိရပါတယ်။

ကျားဖြန့်စင်တာမှာပဲဖြစ်ဖြစ်၊ အပြင် အလုပ်တွေမှာပဲ ဖြစ်ဖြစ် အလုပ်လုပ်ချိန်ဟာ အားလုံး ၁၂ နာရီလုပ်ရတယ် လို့ ၂၄ နာရီဖွင့် ပုဂ္ဂလိကဆေးခန်းမှာလုပ်နေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

နေ့ဆိုင်း၊ ညဆိုင် ခွဲပြီး အလုပ်တွေ လုပ်နေကြရတာကြောင့် အိပ်ချိန်၊ စားသောက်ချိန်တွေဟာ ပုံမှန် မဖြစ် ကြတော့တဲ့နောက်ပိုင်း ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာတာတွေ ပေါများလာကြပါတယ်။ အဲ့အတွက် ဆေးဝါး ကုသမှု လိုအပ်ချက်တွေ မြင့်မားလာရတာလည်းဖြစ်ပါတယ်။

တတိယ အချက်အနေနဲ့ ရွှေကုက္ကိုလ်မှာ အပျော်အပါး လိုက်စားဖို့နဲ့ ငွေကြေး ဖြုန်းတီးဖို့ အင်မတန် လွယ် ကူပါတယ်။ ပိုက်ဆံရှာရလွယ်သလို ပိုက်ဆံသုံးဖို့ လွယ်အောင်လည် ဒီနေရာမှာ စနစ်တကျ ဖန်တီး ထားပါသေးတယ်။

အထူးသဖြင့် လူတွေပျော်ပါးစားသောက်ဖို့ ယမကာဘားဆိုင်တွေ၊ ကလပ် (Club)တွေ၊ စားသောက်ဆိုင်တွေ၊

KTV နဲ့ ပြည့်တန်ဆာရုံတွေ အပြင် မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး ရွှေကုက္ကိုလ်မှာ လိုချင်တာ တရားဝင် အကုန် ရပါတယ်။

ဒါပေမဲ့ လူငယ်တွေ အကြားမှာတော့ E လို့ အတိုကောက်ခေါ်တဲ့ Ecstasy ရယ်၊ K လို့ ခေါ်တဲ့ Ketamine နဲ့ ဓါတု (၆) မျိုး ရောစပ်ပါဝင်တဲ့ Happy Water လိုမျိုး ဓါတု မူးယစ်ဆေးဝါးတွေကို ရေပန်းစား သုံးစွဲကြတာများ ပါတယ်။

ဒီဆေးတွေကို Bar တွေ ကလပ်တွေနဲ့ KTV ရုံတွေမှာ သုံးစွဲကြပါတယ်။ ဒီဆေးတွေကို သုံးစွဲခြင်းအားဖြင့် စိတ်ကို မြူးကြွဆေးပြီး ညလုံးပေါက် ခုန်ပေါက် ကခုန်စေတာကြောင့် အိပ်ချိန် စားချိန် မမှန်တဲ့ လူငယ်တွေကို ပင်ပန်းနွမ်းနယ်စေသလို ရေဓါတ်ကိုလည်း ဆုံးရှုံးစေပါတယ်။

ဒီဆေးတွေဟာ အလွယ်တကူ ရနိုင်သလို တရားဝင် သုံးစွဲခွင့်လည်းပေးထားတာကြောင့် ရွှေကုက္ကိုလ်ရောက် နေကြတဲ့ လူငယ်အတော်အများသုံးစွဲကြပါတယ်။

ဒီလို ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် လူငယ်အများအပြားဟာ ဆေးကုသမှု ခံယူဖို့ ဖြစ်လာရပြီး ဆေးခန်းတွေကို ၂၄ နာရီ အချိန်ပြည့် ဖွင့်ထားပေးရတယ်လို့ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

မြေရောင်းပြီး ရွာပြင်ထွက်နေသူတွေ

ရွှေကုက္ကိုလ်မှာ သုံးစွဲတဲ့ ငွေကြေးက ထိုင်းဘတ်ငွေပါ။ ငွေရှာရ အင်မတန်လွယ်ကူသလို ငွေထွက်ဖို့လည်း လွယ်ကူလွန်းပါတယ်။ အကြောင်းက ကုန်စျေးနှုန်းဟာ အခြားဒေသတွေထက် ၂ ဆ ၃ ဆ မြင့်ပါတယ်။ ဒါကလည်း တရုတ်တွေရဲ့ ငွေကြေးသုံးစွဲနိုင်မှုကြောင့် ဖြစ်လာရတဲ့ အခြေအနေလို့ ယူဆရပါတယ်။

အထပ်မြင့် အဆောက်အဦးတွေ ပန်းခြံတွေ အားကစားကွင်း၊ အားကစားရုံတွေဆိုလည်း နေ့ချင်း ညချင်း ဆိုသလို ပြီးမြောက်အောင် ဆောက်လုပ်နိုင်သည်အထိ ငွေကြေး အများအပြား သုံးစွဲနိုင်ပါတယ်။

ဒီလိုငွေကို ဖောဖောသီသီသုံးစွဲနိုင်တဲ့ တရုတ်တွေဟာ အဲ့နေရာက မြေကွက်တွေကို ကာလပေါက်စျေးထက် ကျော်ပြီး အဆမတန် ပေးဝယ်ယူကြတာကြောင့် အဲ့ကဒေသခံ အချို့တွေဟာ မြေနေရာ၊ခြံနေရာတွေကို ရောင်းပြီး ကုက္ကိုလ်မြို့သစ်အပြင်ဘက်တွေမှာ တသီးတခြား ရပ်ကွက်သစ်တွေ တိုးချဲ့ပြီး သွားနေထိုင် ကြပါတယ်။

အွန်လိုင်းပေါ်မှာသာ မီးနဲ့ အင်တာနက် အဖြတ်ခံရ

ရွှေကုက္ကိုလ်မြို့ထဲက အထပ်မြင့်အဆောက်အဦးတွေရဲ့ အပေါ်စီးကနေ လှမ်းမျှော်ကြည့်ရင် အိမ်တိုင်းနီးပါးရဲ့ ခေါင်မိုးပေါ်တွေမှာ ဆိုလာ(Sola) ပြားတွေကို မြင်တွေ့ရပါတယ်။ ဒီနေရာကို အရင်က လျှပ်စစ်မီး ဖြန့်ဝေပေးတဲ့ ထိုင်းက ဖြတ်တောက်လိုက်တာကြောင့်ဖြစ်ပါတယ်။

တရုတ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရပြီး ထိုင်းဘက်ကို ပြန်လည်လွတ်မြောက်လာတဲ့ သတင်း ထွက်လာတဲ့ နောက်ပိုင်း နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် ထိုင်းဘက်က အင်တာနက်နဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်ပစ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကြောင့်ပါ။

ဒါကြောင့် ရွှေကုက္ကိုလ်မှာရှိတဲ့ နေအိမ်တိုင်းမှာ ဆိုလာပြားတွေကို အသုံးပြုလာရသလို အချို့အဆောက်အဦး တွေမှာ မီးစက်ကို အသုံးပြုပြီး လှည်ပတ်ကြပါတယ်။

နိုင်ငံတကာရဲ့ အာရုံစိုက် စောင့်ကြည့်ချင်းခံရတဲ့နောက်ပိုင်း ကုက္ကိုလ်မှာရှိတဲ့ အထပ်မြင့် အဆောက်အဦးတွေဟာ လည်း အရင်လို မီးထိန်ထိန် လင်းတာမျိုးမမြင်တွေ့ရတော့ဘူးလို့ဒေသခံတွေက ဆိုပါတယ်။

နေ့ည မပျက်လည်ပတ်နေတဲ့ ကျားဖြန့်စင်တာတွေက အထပ်မြင့် အဆောက်အဦးတွေရဲ့ မှန်ပြတင်း ပေါက်တွေ ကို အနက်ရောင်အလုံပိတ် ပိတ်လိုက်တာကြောင့် အပြင်ကနေကြည့်ရင် မီးမလင်းရဘူးလို့ ထင်ရပေမဲ့ အဆောက် အဦးထဲမှာ ၂၄ နာရီ လျှပ်စစ်မီးရနေတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ ကိုယ်တိုင်လုပ်တဲ့ လူငယ်တစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ရွှေကုက္ကိုလ်ဒေသမှာ ထိုင်းဘက်က အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပြီးလို့ သတင်းတွေ ကျယ် ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပေမဲ့ တကယ့်မြေပြင်မှာ ထိုင်းအင်တာနက်လိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသေးတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

နိဂုံးချုပ်

နိုင်ငံတကာရဲ့ စောင့်ကြည့်မှု နဲ့ ဖိအားပေးမှုအောက်မှာပဲ ရွှေကုက္ကိုလ်ဒေသဟာ အရှေ့တောင် အာရှရဲ့ ကျားဖြန် ဗဟိုချက်မလို တဖြည်းဖြည်းချင်းပြောင်းလဲကြီးထွားလာပေမဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဒီကနေ့ အချိန်ထိ လက်တွေ့ မမြင်တွေ့ရသေးပါဘူး။

ကမ္ဘာ့မျက်နှာစာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေပေမဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို လက်တွေ့ ကြုံတွေ့နေရတဲ့ လူငယ်တွေ၊ အလုပ်အကိုင်ရှားပါးမှုအောက်က ကြပ်တည်းနေရတဲ့ အခြေခံအလုပ်သမားတွေအတွက် ရွှေကုက္ကိုလ်ဒေသဟာ အကောင်းဆုံး ရွေးချယ်စရာလို ဆက်ဖြစ်နေအုံးမှာပါ။

တရားမဝင်လုပ်ငန်းတွေကနေ ရလာတဲ့ ငွေကြေးတွေနဲ့ လှည်ပတ်နေတဲ့ လုပ်ငန်းတွေ၊ နိုင်ငံတကာရဲ့ စောင့်ကြည့် ဖိအားပေးမှုတွေ၊ ပြည်တွင်း နိုင်ငံရေး အလှည့်အပြောင်းတွေမှာ အာမခံချက်မရှိတဲ့ ရွှေကုက္ကိုလ်မြို့လေးရဲ့ အနာဂတ်အောက်မှာ ရုန်းထွက်နိုင်ကြမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...