ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံ စိုက်ခင်းများ ပျက်စီး

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံ စိုက်ခင်းများ ပျက်စီး

ရခိုင်ပြည်တွင် နိုဝင်ဘာ ၂ ရက်ကနေ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုများ ရှိလာနေကြောင်း တောင်သူများထံမှ သိရသည်။

ယခု ရာသီသည် မြေပဲ၊ ပြောင်း၊ ငရုပ်၊ ခရမ်း၊ သခွားနှင့် ဖရဲစိုက်ခင်းများ စတင် စိုက်ပျိုးချိန်ဖြစ်ပြီး စိုက်ခင်းများ ရေနစ်မြုပ်သွားသဖြင့် ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။

“ဆောင်းသီးနှံ အပင်တွေဆိုတာက မိုးဒဏ်ကို အများကြီး မခံနိုင်ဘူး။ ဆက်တိုက် ရွာလိုက်ရင် အပင်တွေက ရေမြုပ်သွားပြီး ပျက်စီးသွားတဲ့ သဘောပေါ့။ အပင်တွေကလည်း နူးညံ့တယ်ဆိုတော့ အခုလည်း ဒီဘက် တောင်သူတွေ တော်တော်ဆုံးရှုံးနေကြပါပြီ” ဟု ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်သည် ရခိုင်ပြည်တွင် ပဲ၊ ငရုပ်၊ ပြောင်း၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ အာလူး၊ ဖရဲ စသည့် ဆောင်းသီးနှံ အထွက်နှုန်းများသည့် ဒေသတစ်ခုလည်းဖြစ်သည်။

အလားတူ ဆောင်းသီးနှံ အဓိက စိုက်ပျိုးသည့် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသတွင်လည်း မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် မြေပဲခင်းများမှာ မှိုတက်ပြီး ပိုးကျပျက်စီးခြင်းများ ဖြစ်ပွားနေကြောင်း လေညင်းတောင်ကျေးရွာမှ တောင်သူ ဒေါ်မသန်းအေးက ပြောသည်။

“ဝါကျွတ်လပြည့်ကတည်းက ပဲစိုက်လို့ ပြီးနေတာ။ ပုံမှန်ဆို ဝါကျွတ်ရင် မိုးက မရွာတော့ဘူ။ အခုက တန်ဆောင်တိုင် လကုန်တဲ့ အထိ ရွာမလိုဖြစ်နေတော့ ပဲပင်တွေဆို မှိုတက်ပြီး ပိုးတွေကျနေပြီ။ ဆက်ရွာမယ်ဆိုရင် အကုန်လုံး နီးပါး ပျက်စီးမယ့် အနေအထားဖြစ်နေတယ်” ဟု ၎က ပြောသည်။

ဒေါ်မသန်းအေးတွင် မြေပဲ ၃ ဧက အထိ စိုက်ပျိုးထားပြီး အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားမည့် အခြေအနေရှိ ကြောင်း သူက ဆက်ပြောသည်။

အကယ်၍ မြေပဲပင်များ မပျက်စီးဘဲ ကျန်ခဲ့လျှင်လည်း မြေပဲများ ထွက်ချိန်တွင် ဆွေးမြေ့သည့် အခြေအနေ ကြုံရခြင်းကြောင့် မြေပဲစိုက်တောင်သူများ အရှုံးပေါ်မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်အတွင်း ဆက်လက်မိုးကြီးနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

စိုက်ပျိုးပင်များ ပျက်စီးခြင်းကြောင့် အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်မည်ကို ဆောင်းသီးနှံစိုက်တောင်သူများ စိုးရိမ်နေကြပြီး ULA အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပေးရန်တောင်းဆိုနေကြသည်။

ယင်းအပြင် ဆောင်းသီးနှံများ အထွက်နှုန်းကျဆင်းပါက ရခိုင်ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ပြောဆိုနေကြသည်။

မိုးစပါးနှင့် ဆောင်းသီးနှံကိုသာ အဓိက စိုက်ပျိုးကြသည့် ရခိုင်ဒေသတွင် ဆောင်းသီးနှံ ဧက ၅၄၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ဧက များစွာ လျော့ကျသွားကြောင်း တောင်သူအသိုင်းအဝိုင်းများထံမှ သိရသည်။

၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...