ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲ ငြိမ်သက်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြေပြင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO က ပြောပါတယ်။
လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်း အနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဗန်းမော်တိုက်ပွဲက နေ့တိုင်းလို တိုက်ပွဲရှိပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်ခြမ်း လက်နက်ကြီးတွေ ပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင်၊ ခလရ ၄၇ သွားတဲ့ လမ်းတစ်လျှောက်နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့ မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ် သိမ်းယူနိုင်တာ မရှိသလို လက်လွတ်လိုက်ရတဲ့ နေရာလည်း မရှိပါဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲ ငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုး ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သိသိသာသာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် မြို့တွင်း နေရာ ၃ နေရာမှာ တိုက်ပွဲနေ့ တိုင်းနီးပါး ပြင်းထန်နေတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေစတင်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲ ဖြစ်ပွားနေတာ ခုဆိုရင် ၁၀ လဝန်းကျင် ရှိလာပြီဖြစ်သလို တရုတ်အာဏာပိုင်ဘက်ကလည်း ဗန်းမော်မြို့သိမ်း တိုက်ပွဲရပ်တန့်ပေးဖို့ ဖိအားပေးတာတွေရှိနေတဲ့အကြောင်း ဇူလိုင်လအတွင်း ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။
သို့ပေမယ့် နှစ်ဖက်တပ်အကြား တိုက်ပွဲရပ်တန့်ခြင်းမရှိတဲ့အပြင် စက်တင်ဘာလကုန်ပိုင်းကနေ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ ပြန်ပြီး အားကောင်းလာပြီး အောက်တိုဘာလဆန်းပိုင်းအတွင်းမှာ KIA နဲ့ တော်လှန်ရေးဖွဲ့ဘက်က လက်လွတ်လိုက်ရတဲ့ ကာကင်းတပ်စခန်း ၃ ခုနဲ့ ရွှေပြည်သာက KBC ဘုရားကျောင်းဝင်းနေရာတွေကို ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ တပ်စွဲနေရာယူထားတဲ့ နေရာတွေအားလုံးကိုလည်း လက်လွှတ်လိုက်ရတာ မရှိသေးဘူးလို့လည်း ဗန်းမော်ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးလည်း အခုလိုပြောပါတယ်။
“စစ်တပ်ဘက်က ထိုးစစ်တိုက်ခိုက်နေတော့ နေ့တိုင်းတိုက်ပွဲဖြစ်နေပါတယ်။ တိုက်ပွဲက ရပ်သွားတာမရှိပါဘူး။သေနတ်သံ လက်နက်ကြီးသံ မကြားရတဲ့ နေ့ဆိုတာမရှိပါဘူး။ KIA ဘက်ကလည်း စစ်တပ်ဘက်က ပြန်ငြိမ်သွားရင် ပြန်ပစ်တယ်။ အဲ့လိုအပြန်အလှန်ပစ်ခတ်နေကြတာပဲ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဗန်းမော်လက်မလွှတ်ရေးအတွက် ဇူလိုင်၊ ဩဂုတ်လအတွင်း စစ်လက်နက် ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော် တင်ပို့နိုင်ခဲ့ပြီးနောက် စစ်တပ်ဘက် လေကြောင်းအပြင် အဆင့်မြင့်ဒရုန်းတွေကို သိသိသာသာအသုံးပြုတဲ့အတွက် KIA ဘက်က သိမ်းပိုက်ရရှိထားတဲ့ နေရာတစ်ချို့ လက်လွှတ်လိုက်ရတာမျိုး ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်လွှတ်လိုက်ရတဲ့နေရာတွေကို KIA ဘက်ကလည်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေသလို စစ်တပ်ဘက်ကလည်း နေ့တိုင်း ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့ဟာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းများအရ မြို့ပေါ် ၁၆ ရပ်ကွက်ရှိပြီး တစ်မြို့နယ်လုံးမှာ လူဦးရေ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ်တို့ ပါဝင်ပါတယ်။ အဲဒီထဲကမှ ဗန်းမော်မြို့ရဲ့ အရှေ့ဘက် ၁၁ မိုင်ဝန်းကျင်မှာရှိတဲ့ မိုးမောက်မြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် မေလမှာ သိမ်းပိုက်ထားပြီး၊ ဗန်းမော်မြို့ရဲ့ တောင်ဘက် ၁၃ မိုင်အကွာမှာရှိတဲ့ မံစီမြို့ကိုတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သိမ်းပိုက်ထားပါတယ်။
အလားတူ ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်မှာရှိတဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပါတယ်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ပန်ဝါ၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ဆော့လော်၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေး လွယ်ဂျယ်မြို့တွေကို သိမ်းပိုက်ထားသလို ဗန်းမော်မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲအရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ဗန်းမော်မြို့ကို ထိုးစစ်စတဲ့ ဒီဇင်ဘာ ၄ ရက်နေ့ နောက်ပိုင်း ဒီဇင်ဘာ ၁၂ ရက်နေ့
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွေ့ဆုံမှုမှာ မြို့သိမ်းတိုက်ပွဲတွေ၊ ထိုးစစ်ဆင်တာကို KIA အနေနဲ့ ရပ်တန့်ဖို့ တရုတ်ဘက်က ဖိအားပေးနေကြောင်း ဒီနေ့ထိ သတင်းတွေခပ်စိပ်စိပ် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်တိုက်ပွဲအပါ ကချင်ဒေသကတိုက်ပွဲတွေ ရပ်တန့်သွားမလားဆိုတာကို စစ်ရေးအကဲခတ်တွေကစောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။







