ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ

ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ

ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်း အတက် အဆင်း ခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေ များစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက် ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့် သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

“အတက် အဆင်းတော့ ရှိတယ်။ ဒီနေ့လည်း ကားတွေ ထပ်ဆင်းကြမယ်။ အဆင်းတော့ နည်းနည်း အဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့) ကတော့ ပုံမှန်လို့မဟုတ်ဘူး။ သူတို့သွားဆိုတဲ့အချိန် သွားရတယ်။ ဂိတ်မှာ စောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ ပစ္စည်းတွေ တင်လို့မရဘူး”လို့ သူကပြောပါတယ်။

လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့် ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊ မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက် အခက်အခဲ မရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက မြစ်ကြီးနားအထက် လမုန်ဇွတ်ဂိတ်မှာကားလမ်းဖွင့်မယ့်အချိန်ကိုစောင့်ဆိုင်းပြီးမှ တက်လို့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့အထွက် စစ်ဆေးရေးဂိတ်မှာ ကားပေါ်တင်ထားတဲ့ပစ္စည်းစာရင်းတွေ ပေးရပြီး စာရင်းတဲ့မပါတဲ့ ပစ္စည်းတွေ့ရင်သိမ်းခံရကြောင်း ပူတာအိုမြို့တွင်းစျေးသည်တစ်ဦးခုလို ဆက်ပြောပါတယ်။

“မြစ်ကြီးနားမထွက်ခင် ဂိတ်မှာ ကိုယ်တင်လာတဲ့ပစ္စည်းတွေ စာရင်းပေးရတယ်။ သူတို့က တစ်ခုချင်းစီ စစ်တယ်။ ကားတစ်စီး တစ်စီးစစ်တာ တစ်နာရီလောက်ကြာတယ်။ စာရင်းထဲမပါတဲ့ပစ္စည်း တွေ့ရင် သိမ်းတယ်။ အဓိက သူတို့ မတင်ခိုင်းတဲ့ပစ္စည်းမပါဖို့ပဲ။ ပါလာရင် ပိုမေးမြန်းတယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

နိုဝင်ဘာလဟာ ပူတာအိုဒေသမှာ လယ်စပါး ရိတ်သိမ်းတဲ့ကာလဖြစ်ပြီး အခုလို စက်သုံးဆီနဲ့ မိုးကာ၊ ဆေးဝါးတွေ သယ်ယူခွင့် တားမြစ်လိုက်တဲ့အတွက် လယ်စပါးရိတ်သိမ်းတဲ့ တောင်သူတွေအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။

“စပါးရိတ်တာတော့ အဆင်ပြေတယ်။ ချွေတဲ့နေရာနဲ့ စပါးသယ်ထုတ်ဖို့ ကျဓာတ်ဆီ လိုတယ်။ ချွေတာလည်း ဆိုင်ကယ်နဲ့ နှင်ပြီး ချွေကြတာများတယ်။ သယ်တဲ့ အခါလည်း သုံးဘီးတွေ လိုတယ်လေ။ နောက်ပြီး မိုးကာလည်းမရှိမဖြစ်ပဲ အခုလို တားမြစ်ထားတော့ မိုးကာစျေးတက်ရင် အခက်အခဲ ဖြစ်သွားမှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်း ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အား ဖြည့်နေသလို KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့နယ်မြို့နယ်အစပ်ဘက် ထိုးစစ်ဆင်တာတွေ ရှိနေပါတယ်။

ဒါကြောင့် ပြီးတဲ့ခဲ့ အောက်တိုဘာလ လန်ဟီဆင်စခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်း တစ်ခုပြီးတစ်ခု KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နေဆဲဖြစ်ပါတယ်။

ခုလို စခန်းတွေ ဆက်တိုက်လက်လွှတ်လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ စစ်ရေးတင်းမာနေတဲ့ ခေါင်လန်ဖူးဘက်ကို ဝင်ရောက်နိုင်တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို ထိန်းချုပ်ထားပြီး ဆေးဝါး၊ မိုးကာနဲ့ စက်သုံးဆီတွေကို တားမြစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း စစ်ရေးနဲ့သဘာဝဘေးကကြောင့် ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သုံးလကြာ ပိတ်ထားချိန် ကြက်ဥတစ်လုံးကျပ် ၅၀၀၀၊ ဓာတ်ဆီတစ်ပုလင်းကျပ် ၈၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...