စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ဒေသတွေအတွင်း ကွက်လုပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်အများစုကို ဦးစားပေးထားပြီး အပိုင်း ၁ အဖြစ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာပါ။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀၀ မှာ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က အပိုင်းသုံးပိုင်းနဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ အပိုင်း ၃ အတွက် ၇၂ မြို့နယ်သာ ပြုလုပ်ရမှာပါ။
အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ရှစ်ခုရှိ ၅၆ မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ဝန်ခံထားပြီး ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ထားပြီး သူတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေတွေမှာ ကျင်းပခွင့်ပြုမှာ မဟုတ်သလို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြတာပါ။
တစ်ဘက်မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ အညာဒေသနဲ့ ကရင်နီက မြို့နယ်တချို့တို့မှာ စစ်တပ်က မြို့ပေါ်တွေမှာသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကိုတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က နှစ်ဘက်အဖွဲ့တွေ အပြိုင်အဆိုင် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း စစ်တပ်ရှိတဲ့ နေရာတွေမှာသာ မဲရုံဆောက်ပြီး လုံခြုံရေးအင်အားနဲ့ ရွေးကောက်ပွဲကို ကွက်လုပ်သွားမယ့် အနေအထားလို့ သုံးသပ်ပါတယ်။
“စစ်အင်အားကို ထပ်ပြီး တိုးချဲ့မှာ မဟုတ်ဘူး။ သူတို့ မြို့ပေါ်က မဲရုံကို ကာကွယ်မယ်။ ပြီးရင် ရှိပြီးသား အနေအထားလေးအတိုင်းပဲ မဲရုံဆောက်လို့ ရနိုင်မယ့် နေရာလေးမှာပဲ ဝန်းဝန်းဝိုင်းဝိုင်းလေး လုပ်သွားမှာပေါ့။ လုပ်သွားတဲ့အချိန်မှာ သူတို့ ကြံ့ဖွတ်လည်း နိုင်ပြီးသား ဖြစ်သွားမယ်။ သူတို့ မဲရုံကိုလည်း ကာကွယ်ရေး လုံခြုံရေးအင်အား လျှော့စရာ မလိုတော့ဘူး။ ဟိုဘက်ကိုလည်း သွားပြီးတော့ (စစ်ကြောင်းထိုး) လုပ်စရာ မလိုဘူး။ အဲဒီအချိန်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ နှောင့်ယှက်နေပြီးတော့ သူတို့ စိုးမိုးပြီးသား ခြေကုတ်ရထားပြီးသားနေရာလေးတွေမှာပဲ ကွက်ကွက်ကလေးနဲ့ ရွေးကောက်ပွဲလုပ်လာမယ့် အနေအထားမျိုးလို့ သုံးသပ်ရပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တို့ ကျင်းပမှာဖြစ်ပြီး အပိုင်း ၂ မှာတော့ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ပေါင်မြို့နယ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် တနင်္သာရီမြောက်ပိုင်း ရေဖြူမြို့နယ်ကိုလည်း ရွေးကောက်ပွဲကျင်းပမယ့် အပိုင်း ၂ မှာ ထည့်သွင်းထားတာပါ။
အဲဒီထဲက သထုံခရိုင်အပါအဝင် မွန်တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်တို့ဟာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေဖြစ်ပြီး လက်ရှိမှာလည်း စစ်တပ်က အင်အားသုံးကာ ကျေးရွာတွေအထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က မွန်ပြည်နယ်တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်ဘက်မှာ ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးတင်းမာလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီ (စကမ) ဘက်က အဲဒီ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းဒေသတွေမှာ စစ်အင်အားတိုးချဲ့တာတွေ စစ်ကြောင်းထိုးတာတွေ တောက်လျှောက် လုပ်နေပါတယ်။ အဲဒီအခြေအနေတွေမှာတော့ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မကျင်းပနိုင်ရေး ကျွန်တော်တို့ စိုးမိုးတဲ့ဒေသတွေမှာ မကျင်းပနိုင်ဖို့အတွက် ကန့်ကွက်သွားမယ်၊ တိုက်ထုတ်သွားမယ်၊ ဟန့်တားသွားမှာ ဖြစ်တဲ့အတွက် စစ်ရေးတင်းမာမှု အခြေအနေတွေ ရှိလာနိုင်ပါတယ်”လို့ ဆိုပါတယ်။
မဟာမိတ် တော်လှန်ရေးအင်အားစုတွေဘက်က အင်အားထပ်တိုးလာတဲ့ စစ်တပ်ကို မရ ရတဲ့ နည်းနဲ့ တိုက်ထုတ်သွားမှာဖြစ်လို့ မွန်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ် မနေဖို့ သူက အကြံပြုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကို မြို့နယ် ၅ ခုမှာ ကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
အာဏာသိမ်းမှုအတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လေ့ရှိတဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေကိုတော့ လောဆယ်အထိ စစ်တပ်က အပြည့်အဝ မထိန်းချုပ်ထားနိုင်သေးပါဘူး။
ဒါကြောင့် အပိုင်း ၁ နဲ့ ၂ မှာ ရွေးကောက်ပွဲကျင်းပဖို့ အဲဒီနှစ်မြို့နယ်ကို ချန်လှပ်ထားပေမယ့် မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်ထဲ မပါဝင်တဲ့အတွက် ဆက်လက် ကျင်းပမယ့် အပိုင်း ၃ မှာတော့ ထည့်သွင်းလာနိုင်ပါတယ်။
ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက အဲဒီနှစ်မြို့နယ်မှာ ပါတီကို ဝန်းရံတဲ့ အင်အားများပြားပေမယ့် မွန်ကျေးရွာတွေအတွင်း မဲစာရင်းမကောက်ယူနိုင်တဲ့အတွက် ဝင်ပြိုင်တဲ့အခါ အင်အားလျှော့ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ ကျွန်တော်တို့ အင်အားများတယ်။ သို့သော် မဲစာရင်း မပါဘူး။အဲဒါကိုလည်း ကျွန်တော်တို့ UEC ကို တင်ပြခဲ့ဖူးတယ်။ဒါတော့ အောက်ခြေက တင်လာတဲ့အတိုင်းပဲတဲ့ သူတို့က။ကျွန်တော်တို့ ပါတီအနေနဲ့ တာဝန်ယူပေးနိုင်လားဆိုလည်း မယူပေးနိုင်ဘူးလေ။လူဦးရေနဲ့ အိမ်အကြောင်းအရာ ကောက်ခံတဲ့ အချိန်ကတည်းကိုက အဲဒီနေရာက မပါခဲ့ဘူး။ အဓိက ကော့ကရိတ်တောင်ပိုင်းနဲ့ ကြာအင်းဆိပ်ကြီး တောင်ပိုင်းပေါ့။အဓိက မွန်ရွာတွေမှာ မဲစာရင်းမပါနေတော့ ယှဉ်ပြိုင်တာလည်း အင်အား နည်းနည်းလျှော့ထားတယ်လေ”လို့ ဆိုပါတယ်။
မွန်တိုးတက်ရေးပါတီအနေနဲ့ မဲအများဆုံးအနိုင်ရသူ FPTP စနစ်နဲ့ ရွေးချယ်မယ့် ပြည်သူ့လွှတ်တော်မှာ ကရင်ပြည်နယ်ရှိ ဘားအံ့နဲ့ ကော့ကရိတ်က မဲဆန္ဒနယ် နှစ်နေရာ ဝင်ပြိုင်မှာဖြစ်သလို မွန်တိုင်းရင်းသား လူမျိုးဝန်ကြီးနေရာမှာလည်း ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆွယ်စည်းရုံးရေးကာလအဖြစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ တရားဝင် စတင်နေပါပြီ။
ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် မတိုင်ခင် ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်နဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ပေးထားတာပါ။
ဒါပေမယ့် လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။
စစ်ခေါင်းဆောင်ကတော့ မိမိတို့အနေနဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပြီး တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးသွားရမယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က စစ်ခေါင်းဆောင်အနေနဲ့ တရုတ်အပါအဝင် နိုင်ငံကြီးတချို့ရဲ့ ထောက်ခံမှုကို ရထားပြီးပြီမို့ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ရွေးကေက်ပွဲကို ဖြစ်အောင် လုပ်မယ့်သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံရေးအရ ပြောရရင် သူ့ (မအလ) နောက်ကို လျှောက်လိုက်မနေနဲ့ ကိုယ် စစ်နိုင်အောင်တိုက် ကိုယ့်ဘက်က တိုးတက်အောင်လုပ်။ သူကတော့ ဘယ်သူမထောက်ခံ မထောက်ခံ တရုတ်က ခိုင်းလို့ လုပ်ရတာ။ အဲဒါကို တရုတ် ရုရှား အိန္ဒိယ အာဆီယံ တစ်ခြမ်း တော်ပြီ အဲဒီလောက်ဆို တော်ပြီ။ ပြီးတော့ ထိုင်းပေါ့ သူက မျက်နှာကြီးရာ ဟင်းဖတ်ပါပေါ့ကွာ။ နိုင်တဲ့ကောင်ဘက်က ဝင်လောင်းကြမှာပဲ။ အဲဒါတွေကို ဒို့က ပြည်သူလူထုသိအောင်တော့ ပြောရမှာ ပြောဖို့သင့်ပါတယ်။ ဒါပေမယ့် သူတို့ (ရွေးကောက်ပွဲကို) ဖြစ်အောင်လုပ်မယ်။ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြုကွာ သူက လုပ်ကိုလုပ်မယ်”လို့ ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တရားဝင် အသိအမှတ်ပြုခြင်းတော့ မရှိသေးပါဘူး။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ ရှိမှာ မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြောဆိုထားပါတယ်။







