ကျားဖြန့်အရေး လေ့လာစောင့်ကြည့်သူ စောသူးဘီးနဲ့ ဆက်သွယ်မေးမြန်းခြင်း။
အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူမှောင်ခိုလုပ်ငန်းအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဖြင့် နာမည် ကျော်ကြားနေသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီရှိ ရာဇဝတ်ဂိုဏ်းစီမံကိန်းနေရာတချို့တွင် ပါဝင်ပတ် သက်မှုမရှိဟု ကေအဲန်ယူက ငြင်းဆိုထားသည်။ သို့သော်လည်း စစ်အုပ်စုဘက်က တကျော့ပြန် စွပ်စွဲ ပြောဆိုမှုများလုပ်ဆောင်လာသည့်အပေါ် သုံးသပ်ချက်၊ ကျားဖြန့်ကိစ္စတွင် လက်နက်ကိုင်အချို့ကို ကြိုးကိုင်ထားသည့် စစ်အုပ်စု အခန်းကဏ္ဍ၊ ကရင်ပြည်နယ်ရှိ အွန်လိုင်းရာဇဝတ်လုပ်ငန်းများကိုရှင်းထုတ်ရန် ထောက်ပြသုံး သပ်ချက်များနှင့်ပတ်သက်၍ ကျားဖြန့်အရေး လေ့လာစောင့်ကြည့်သူ ကရင် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ စောသူးဘီးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ KK Park ကိစ္စနဲ့ ပတ်သက်လို့ ကေအဲန်ယူကို စစ်အုပ်စုဘက်က စွပ်စွဲပြောဆိုနေပါတယ်။ ကနဦးအနေနဲ့ အမြင်ကို ပြောပြပေးပါ။
ဖြေ ။ ။ ပြီးခဲ့တဲ့ရက်တွေမှာ KK park နဲ့ ပတ်သက်ပြီး KNU အကျိုးအမြတ် ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက ပြောတာတွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးတိုက်ခိုက်မှုတစ်ခုလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း KNU က လူ ၁၁ ယောက်ကို ဖမ်းဖို့ဆီးဖို့ဆိုပြီး စာထုတ်တာတွေ့ရတယ်။ ဒီနောက်ဆက်တွဲ ကိစ္စတွေကို ဆက်စပ်ပြီးတွေးကြည့်ရင် မြင်နိုင်ပါတယ်။ ဒါက KNU ကို ကရင်လက်နက်ကိုင်တွေကြားထဲမှာ ခွဲထုတ်တဲ့ သဘောလို့ပြောရင်လည်း မမှားပါဘူး။ ဆိုတော့ KNU နဲ့ မြေငှားစာချုပ်ကိစ္စအပေါ်မှာ အခြေခံပြီး နိုင်ငံရေးအရ ခွဲထုတ်တာ၊ ထိုးနှက်တာလို့ပြောရင်လည်း မမှားဘူးပေါ့။
မေး ။ ။ ၂၀၂၀ တုန်းက KK Park စီမံကိန်းအတွက် မြေယာစာချုပ်ချုပ်တဲ့နေရာမှာ ကေအဲန်ယူပိုင်တဲ့ မုလအိ ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တယ်။ ၂၀၂၂ မှာတော့ တခြားကုမ္ပဏီဖြစ်သွားတယ်ဆိုပြီး ပေါက်ကြားလာတဲ့ စာချုပ်အချက်အလက်တွေအရ တွေ့ရတယ်။ ကေအဲန်ယူကလည်း သူတို့ ပါဝင်ပတ်သက်မှုမရှိပါဘူးလို့ ဖြေရှင်းခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီကိစ္စမှာ ကေအဲန်ယူခေါင်းဆောင်ဟောင်းတချို့ ပါဝင်နေတယ်ဆိုတဲ့ ဝေဖန်မှုကတော့ ကြားနေရတုန်းပဲ။ ဆရာ့အနေနဲ့ရော ဘယ်လိုနားလည်ထားပါသလဲ။
ဖြေ ။ ။ KK Park မော်ထိုသလေးကိစ္စမှာလည်း ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ ၂၀၂၃ တုန်းက
စာထုတ်တာ၊ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိတယ်။ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကိုကြည့်မယ်ဆိုရင်လည်း အရင်က ပေါက်ကြားသွားတဲ့ မြေငှားရမ်းခကိစ္စစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲထားတာ။ ၂၀၂၃ ကတည်းက KNU ကိုယ်တိုင် ကာစီနိုလောင်းကစားနဲ့ အွန်လိုင်း Scam တွေမှာ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာ အတိအလင်းထုတ်ထားပြီးသား။ စုံစမ်းစစ်ဆေးမယ်လို့ပြောတာလည်း ရှိတယ်။ စုံစမ်းစစ်ဆေးမှုနဲ့
ပတ်သက်ပြီးကတော့ ချပြခဲ့တာမရှိဘူး။ ကျနော်နားလည်တာကတော့ KNU တစ်ခုလုံး အနေနဲ့ ပါဝင်ပတ်သက်မှုကတော့ မရှိဘူး။ သို့ပေမယ့် KNU ထိပ်သီးခေါင်း ဆောင်ဟောင်း တချို့တွေ ပါဝင်ပတ်သက်မှုရှိခဲ့တယ်။ အခုချိန်မှာ တချို့တွေ ပါဝင်ပတ်သက်မှုအတိုင်းအတာ ဘယ်လောက် ထိရှိသေးလဲ။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်မှုမရှိသော်လည်း သူတို့ရဲ့ ဆွေမျိုးသားသမီးတွေ ပါဝင်နေသလားဆိုတဲ့ မေးခွန်းကတော့ ရှိနေသေးတယ်။ အဲဒီ Scams ကိစ္စက တော်တော်လေးကျယ်ပြန့်တယ်။
မေး ။ ။ တကယ် ပါဝင်ပတ်သက်သူရှိနေ၊ မနေစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်မယ်လို့ ဆိုပေမယ့် ၂ နှစ်ကြာပြီးတဲ့အထိ တရားဝင်ချပြတာမျိုး မရှိသေးတဲ့အပေါ်ရော ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ၂၀၂၃ ခုနှစ်၊ မော်ထိုသလေးကိစ္စမှာ KNU တို့ လက်မှတ်ထိုးပြီး မြေငှားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မရှင်း သေးဘူးလို့ ပြောရမယ်။ ကေအဲန်ယူကလည်း စာထုတ်ထားတော့ရှိတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးတာနဲ့ ပတ်သက်ပြီး အတိုင်းအတာ ဘယ်လောက်ထိရှိသလဲ။ ပါဝင်ပတ်သက်တဲ့သူတွေကို ဘယ်လိုအရေးယူမလဲ။ ယူပြီးပြီလား၊ ဘယ်သူတွေပါသလဲဆိုတာ အခုထက်ထိ ပြည်သူတွေဘာမှ မသိရဘူးလို့တော့ ကျနော်နားလည်တယ်။
နောက်ပြီး (၁၇) ကြိမ်မြောက် KNU ရဲ့ကွန်ဂရက်မှာ မော်ထိုသလေးကိစ္စနဲ့ အကြီးအကျယ် သဘောထား ကွဲလွဲတာတွေ ရှိခဲ့တယ်။ တပ်မဟာ(၅)နဲ့ တပ်မဟာ(၂) ကိုယ်စားလှယ်ကလည်း နှစ်ယောက် ရွေးကောက်ခံ မလုပ်တဲ့အထိ ဖြစ်သွားတယ်။ ၁၇ ကြိမ်မြောက်ကွန်ဂရက်မှာ တပ်မဟာ(၅)နဲ့(၂)က ဒီကိစ္စအပေါ် ပါဝင် ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ဆွေးနွေးခဲ့ကြတာရှိတယ်။ ဆိုတော့ ဒီကိစ္စက ဒီမှာတင်မပြီးဘူး။ အဲဒီလိုဆွေးနွေးခဲ့ပေမယ့် တိကျရှင်းလင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ဘာတွေဆက်လုပ်မယ်ဆိုတာကို ဘယ်လောက်အတိုင်းအတာထိ ချမှတ်နိုင်ခဲ့သလဲ ကျနော်တို့မသိရဘူး။
မေး ။ ။ KKP ကိစ္စအခင်းအကျင်းမှာ ကရင့်လက်နက်ကိုင်အဖွဲ့တွေအပြင် စစ်အုပ်စု ပါရှိတဲ့ အမြင် ပြောဆိုချက်တွေအပေါ်ရော ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ ။ ။ သိတဲ့အတိုင်းပဲ ကျားဖြန့်ကိစ္စကြီးက စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့ ကိစ္စကြီး၊
BGF၊ DKBA ကို သူကကျောထောက်နောက်ခံပေးထားတယ်။ DKBA တို့၊ BGF တို့က သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ သူတို့ မသိဘူးဆိုပြီး မီဒီယာကနေ တချိန်လုံးငြင်းဆိုနေတာ ကျနော်တို့တွေ့ရတယ်။ တခုခုဖြစ်လာပြီဆိုရင် တရုတ်တွေ သူတို့နယ်မြေထဲကနေပဲထွက်လာတာ။ ဆိုတော့ စစ်ကောင်စီအနေနဲ့တကယ်ပဲ ဒီကျားဖြန့်ကို နှိမ်နင်း ချင်တယ်ဆိုရင် သူ့လက်အောက်ခံ၊ သူတို့စကားကိုနားထောင်နေတဲ့ BGF တို့နဲ့ညှိပြီးတော့ ရှင်းပါလား။ ပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီး ဟန်ပြလုပ်ပြတော့ လူတွေထွက်ပြေးရတယ်။ ထောင်ချီရှိတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်တာဝန်ခံတစ်ယောက် ထိုင်းနဲ့လာပူးပေါင်းပြီးရှင်းလင်းတဲ့အချိန်မှာ ထောင်၊ သောင်းနီးပါး ပြန်ပို့ခံရတယ်။ အဲဒီလောက် သူတို့နယ်မြေမှာ ကြီးကြီးမားမားဖြစ်နေတာကို သူတို့မသိဘူးလို့ ပြောလို့ မရတော့ဘူးလေ။ နိုင်ငံတကာကလည်းပြောတယ်၊ သက်သေအထောက်အထားကလည်း ရှိနေတယ်။ ကွင်းကွင်း ကြီးပေါ်နေတာ။ ဒါကြီးကို နိုင်ငံတကာကလည်း ဖိအားတွေအများကြီးလာတယ်။ UK နဲ့ EU ကလည်း Sanctions
ထုတ်ထားတာရှိတယ်။ ဆိုတော့ စစ်ကောင်စီက KNU ကိုစွပ်စွဲတာကလည်း ဒီလိုနိုင်ငံ တကာဖိအားအပေါ်မှာ
BGF, DKBA တို့လိုများရှိလာဖို့အတွက် သူတို့ရည်ရွယ်ပြီးလုပ်သလားဆိုတာ စဥ်းစားစရာတွေအများကြီးရှိတယ်။
Online Scamming ကိစ္စကတော်တော်ကိုကျယ်ပြန့်ပြီး ပါဝင်မှုကလည်းတအားကြီးတယ်။ ကမ္ဘော ဒီးယားမှာ ဆိုစီးပွားရေးလုပ်ငန်းသဘော အကြီးကြီးလုပ်နေတာတွေ့ရသလို ကမ္ဘောဒီးယားအာဏာပိုင်တွေအထိ ပါနေ တာတွေ့ရတယ်။ မြန်မာပြည်မှာဆိုရင်လည်း ကိုးကန့်က ကျားဖြန့်လုပ်တဲ့အုပ်စုတွေကို မင်းအောင်လှိုင်က တရုတ် လက်ထဲထိုးအပ်လိုက်တာက သူတို့နဲ့ပတ်သက်တာတွေ ရှင်းထုတ်လိုက်တဲ့သဘောပဲ။ ဒါက စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့သဘော၊ သူတို့သာမပေးဘူးဆိုရင် ဒီလောက်မြန်မာပြည်ထဲမှာ မှိုလို ပေါက်ပြီးဖြစ်လာစရာအကြောင်းမရှိဘူး။ စစ်ကောင်စီအတွက် နိုင်ငံရေးကစားလို့ကောင်းတာက Scamming
အဓိကရှိနေတဲ့နေရာတွေက တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့နေရာတွေမှာ ဖြစ်တယ်။ ဒီတော့
စစ်ကောင်စီအနေနဲ့ ဒါကသူတို့နဲ့ပဲဆိုင်တယ် ငါတို့နဲ့မဆိုင်ဘူးဆိုပြီး လွှဲချနေတာမျိုးပဲ။ ဒါပေမဲ့ အဲဒါတွေဘယ်ကစသလဲ၊ ငွေဘယ်လောက်ရသလဲဆိုတာ သူတို့အကုန်သိနေတယ်။ ဥပမာ ရွှေကုက္ကိုလ်ကို
၂၀၂၀ မှာ စီးပွားရေးဇုန်လုပ်မယ် အဆောက်အအုံဆောက်မယ် ဆိုပြီး သတင်းတွေပေါက်ကြားလာတယ်။ အဲဒီကိစ္စတွေက စစ်ကောင်စီကနေ ဗိုလ်ချုပ်တွေ ဗိုလ်ကြီးတွေလွှတ်ပြီး စစ်ဆေးမေးမြန်းတာတွေလုပ်တာ။ သူတို့ဆီမှာစာရွက်စာတမ်းအကုန်ရှိတယ်။ အွန်လိုင်းငွေလိမ်လည်မှုကိစ္စ၊ ရွှေကုက္ကိုလ်မှာ လုပ်ငန်း ၃၀ ကျော်ရှိနေတဲ့ကိစ္စတွေက စစ်ကောင်စီနဲ့တစ်ခုမှမလွတ်ဘူး။ သူတို့မသိပဲ ဒီဟာကြီးကလုပ်လို့မရဘူး။ သူတို့အမြဲ ဝင်ထွက်သွားလာနေတာ။
မေး ။ ။ လက်ရှိ အခြေအနေလို ကေအဲန်ယူ တစ်စုံလုံးကို စွပ်စွဲပြောဆိုခံနေရတာနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အကြံပေးချင်တာရှိလား။
ဖြေ ။ ။ ပြဿနာက ဘာလဲဆိုတော့ KNU က ၂၀၂၃ မှာ လူကြီးတချို့နာမည် ပါဝင်ပတ်သက်တာနဲ့ပတ်သက်ပြီး စာထုတ်ပေမယ့် နောက်ဆက်တွဲလုပ်ဆောင်တာကို ရှင်းရှင်းလင်းလင်းမထုတ်ပြန်နိုင်တော့ ဒီဟာက သရဲခြောက်သလို ပြန်ပြန်ခြောက်နေတာ။ ကျနော့်အနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့သေချာ အစည်းအဝေးထိုင်ပြီး ပြောဆိုတာမျိုးဖြစ်စေချင်တယ်။ KNU၊ BGF၊ DKBA၊ PC လေးဖွဲ့စလုံးက ကျနော်တို့ အပစ်ခတ်ရပ်စဲရေးကာလမှာ တစ်ချိန်လုံးတွေ့ဆုံ၊ အစည်းဝေးထိုင်နေတာ ခေါင်းဆောင်ပိုင်းမှာ သူတို့အမြဲ အဆက်အသွယ်ရှိပြီး အချိန်မရွေး စည်းဝေးပြောဆိုလို့ရတဲ့အနေအထားမှာ ရှိတယ်။
ကရင်ရဲ့အမျိုးသားရေးအကျိုးကိုရှေးရှုပြီး ကရင်ပြည်နယ်ထဲမှာ အွန်လိုင်း Scamming ပပျောက်ရေးကိစ္စကို အတူတကွဆွေးနွေးလို့မရဘူးလား။ အတူတူ သဘောတူညီချက်ရယူပြီး အမဲစက်၊ နိုင်ငံတ ကာနဲ့ပြည်တွင်းလူထုကြားထဲမှာ နာမည်ပျက်စေတဲ့ ဒီလိုကိစ္စကို ကရင်ပြည်နယ်ထဲမှာမထားသင့်ဘူး။ ဒါပေမဲ့ အပြန်အလှန် အစည်းအဝေးထိုင်ပြီး ရှင်းထုတ်တာမျိုး တစ်ခါမှမတွေ့ရဘူး။ ဒီဟာသည် အမျိုးသား ရေးကိစ္စ ဖြစ်တယ်။ ကရင်တစ်မျိုးသားလုံးရဲ့အနာဂတ်ဖြစ်တယ်။ ဒါကိုမရှင်းရင် ကွိုင်အကြီးကြီးရှိတယ်။ ဒီကိစ္စကို အစည်းအဝေးထိုင်ပြီးတော့မှ အထူးသဖြင့် ကေအဲန်ယူက ဦးဆောင်ပြီး ဆွေးနွေးလုပ်ဆောင်ကြဖို့ ကျနော် မြင်တယ်။
တကယ်လို့ KNU ကနေ ဒီကျားဖြန့်ကိစ္စဖြေရှင်းဖို့အတွက် ဦးဆောင်ပြီး လက်နက်ကိုင်ခေါင်းဆောင်တွေကြားထဲ တွေ့ဆုံဆွေးနွေးကြရအောင်လို့ပြောရင် ကျန်တဲ့အဖွဲ့တွေကလည်း ပူးပေါင်းပါဝင်သင့်တယ်။ စစ်ကောင်စီခေါ်တိုင်း နေပြည်တော်သွားနေတဲ့ကိစ္စကိုပြောတာမဟုတ်ဘူးနော်။ ကျားဖြန့်ကိစ္စကိုကျနော်ပြောတာ။ ကျနော်တို့ အဓိက သိထားတာတော့ ဒီကိစ္စမှာလုံခြုံရေးပေးတာက BGF၊ DKBA ပေါ့နော်။ PC ကတော့ ဘယ်လောက် အထိပါနေလဲမသိဘူး။ သို့ပေမယ့်လည်း ဒီလောက်ကျယ်ပြန့်တဲ့ကျားဖြန့်လုပ်ငန်းတွေက တစ်နည်း တစ်ဖုံပါဝင်နိုင်တဲ့ရာခိုင်နှုန်းပိုများတယ်လို့ မြင်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ပျောက်သွားမှာမဟုတ်ဘူး။ တစ်နည်းနည်းနဲ့ပြန်လာဦးမယ်၊ မရှင်းမချင်းကတော့ အချိန်တန်ရင် သရဲခြောက်သလို ပြန်လာ ခြောက်လန့်နေဦးမှာပဲ။
မေး ။ ။ ကရင်ပြည်နယ်ထဲမှာ တဖက်က စစ်ဖြစ်ပြီးလူထုတွေဒုက္ခရောက်နေတယ်၊ တဖက်ကတော့ လောင်းကစား၊ ငွေလိမ်လည်မှုတွေ ရာဇဝတ်လုပ်ငန်းတွေနဲ့ လည်ပတ်နေတယ်၊ နိုင်ငံတကာကလည်း ဖိအားပေးလာပြီ။ ဒါနဲ့ ပတ်သက်ပြီး လူထုအယုံအကြည်နည်းလာတာမျိုး၊ တော်လှန်ရေးနဲ့အပေါ် သက်ရောက်တာမျိုး ရှိနိုင်လား။ ဘယ်လိုသုံးသပ်ချင်လဲဆရာ။
ဖြေ ။ ။ ဒီကိစ္စက ကရင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်ပြီး နိုင်ငံရေးမှာလည်း ပုံရိပ်ထိခိုက်စေတဲ့အတွက် လာမယ့် နှစ်၊ ရက်၊ လတွေထဲမှာ သေသေချာချာ စနစ်တကျဗျူဟာချပြီးအပြီးရှင်းဖို့လိုတယ်။ ဘယ်နေရာ ဘယ်ဒေသ ဘယ်သူ Run နေလဲသိနေပြီးပဲ၊ လုပ်ချင်တဲ့ဆန္ဒရှိရင်လုပ်လို့ရတယ်။ အွန်လိုင်းကျားဖြန့်ကနေ တစ်လတစ်လ ဒေါ်လာဘယ် လောက်ယူထားသလဲ အကျိုးအမြတ်နဲ့ချိတ်ဆက်ပြီး ဆက်လက် အကာအကွယ်ပေးနေဦးမယ်ဆိုရင်တော့ နိုင်ငံရေးအရ နာမည်ပျက်မယ်၊ ဂုဏ်သိက္ခာကျဆင်းမယ်၊ ပြည်သူ လူထုရဲ့ယုံကြည်မှုလည်းကျဆင်းလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာပဲဖြစ်ဖြစ် နာမည်ပျက်စာရင်းသွင်းခံရတဲ့အနေအထားထိ ဖြစ်လာနိုင်တယ်။ ဒီဟာကို ကျနော်တို့ တွေဖြေရှင်းဖို့လိုပါတယ်။
နောက်တစ်ခုက ကျနော်တို့အားလုံးသိတဲ့အတိုင်း စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေတဲ့အတွက် ဒါကို ရှင်းထုတ်ခြင်းအားဖြင့် စစ်ကောင်စီကိုင်နေတဲ့ကြိုးကို ဖြတ်တောက်ပစ်လိုက်ရာလည်းကျတယ်။ နိုင်ငံရေးအရရော စစ်ရေးအရရော အကျိုးအမြတ်ရတယ်။ ဒါပေမဲ့ ခုဏကပြောသလို စစ်ကောင်စီနဲ့အတူ အကျိုးအမြတ်ယူပြီး ဆက်လက်ကာကွယ်နေတဲ့အုပ်စုတွေကတော့ ရှိနေဦးမယ်။ သူတို့တွေကိုရှင်းထုတ်ရမယ် အုပ်စုလို့ပြောရင် တစ်သီးပုဂ္ဂလပေါ့ ဘယ်သူလဲ၊ ဘယ်ခေါင်းဆောင်တွေလဲ၊ အဲဒါကိုနာမည်ဖော်ထုတ်ပြီး လူထုကြားထဲရော နိုင်ငံတကာမှာချပြပြီး သတင်းမီဒီယာမှာဝေမျှခြင်းနဲ့ စနစ်တကျလုပ်လိုက်ရင် ထွက်လာမယ်။ အဲ့ဒီလိုလုပ်ခြင်းဖြင့် Impact ကတော့အများကြီးရှိလာမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျားဖြန့်နဲ့ပတ်သတ်နေတဲ့ ဗိုလ်ချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်တို့ အပါအဝင် DKBA ခေါင်းဆောင်တို့ တိုက်ရိုက်ပါဝင်နေတာကို ကျနော်တို့သိပြီးသားပဲ။ သူတို့က ဝန်မခံတာပဲရှိတယ်။
စစ်ကောင်စီကလည်း KK park ကိုဝင်ရှာတယ်၊ ပစ္စည်းသိမ်းတယ်၊ လူတွေအများကြီးထွက်ပြေးကြတယ်။ အဲဒီ KK Park ကို BGF က ဗုံးကြဲတယ်။ ဒီဟာက သူတို့ပါဝင်ပတ်သက်နေတာ သိသိကြီးနဲ့လျစ်လျူရှုပြီး ဘာမှ မလုပ်ဘူးဆိုရင်ကတော့ တော်လှန်ရေးသမိုင်းကတော့ ကောင်းမှာမဟုတ်ဘူး၊ အနာဂတ်မှာကိုယ်ထားခဲ့မယ့် သမိုင်းက တော်တော်လေးရုပ်ဆိုးအကျည်းတန်ပါလိမ့်မယ်။
မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။
ဖြေ ။ ။ တချို့တွေ အွန်လိုင်းမှာ ဝေဖန်နေကြတာတွေ့တယ်။ အထူးသဖြင့် KNU ကတော့ မိခင်အဖွဲ့ အစည်းဖြစ် တဲ့အတွက် ဒီဒဏ်ကိုအများကြီးခံရတာပေါ့။ ဒါပေမယ့် ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောပြီးပြီ ငါတို့နဲ့မဆိုင်ဘူး ဘာမှမပတ်သက်တော့ဘူးဆိုပြီးတော့လည်း ပြောနေကြတာတွေ့ရတယ်။ နိုင်ငံရေး လုပ်ချင်တဲ့ဆန္ဒရှိတယ် ဆိုရင်တော့ နည်းနာတွေကတော့ အမြဲတမ်းရှိမှာပဲ။ လူအင်အား ငွေကြေးမရှိတာတစ်ပိုင်း။ လုပ်ဖို့ နိုင်ငံရေး ဆန္ဒပြင်းပြမှုရှိမယ်ဆိုရင် ပူးပေါင်းပါဝင်မယ့်သူ၊ ထောက်ပံ့မယ့်သူတွေအများကြီးရှိမယ်လို့ ကျနော်ထင်တယ်။ ဒီဟာကို ကရင်အမျိုးသားလုံးရဲ့လုံခြုံရေး၊ အနာဂတ်၊ ကရင်ပြည်ရဲ့အမဲစက် ရုပ်ဆိုး အကျည်းတန်လှတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ကိစ္စအနေနဲ့ ပပျောက်အောင်လုပ်ဖို့လိုတယ်။ ရှင်းကိုရှင်းရမယ်။
KNU အနေနဲ့ကတော့ မိခင်အဖွဲ့အစည်းလည်းဖြစ်၊ ကရင့်တော်လှန်ရေးဦးဆောင်တဲ့အဖွဲ့အစည်းလည်းဖြစ်၊ လူထုယုံကြည်ရတဲ့ အစိုးရတစ်ရပ်အနေနဲ့တောက်လျှောက်ရပ်တည်လာခဲ့တဲ့အတွက် ကျားဖြန့် ကိစ္စကိုဖြေရှင်းရမယ့် တာဝန်ရှိတယ်။ ဒါကိုနိုင်ငံရေးတာဝန်တစ်ရပ်၊ အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ ဖြေကိုဖြေရှင်းရမယ်လို့ ကျနော်ကတော့မြင်တယ်။ ကရင်လိုချင်တဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်နဲ့သွားနေတဲ့ ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက်လည်း အရေးကြီးတယ်။ လာမယ့် အနာဂတ်မှာ ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်သွယ်မှုပြုရမယ်။ နိုင်ငံရေးအတွက်ပဲဖြစ်စေ၊ စီးပွားရေး၊ လူမျိုးရေးအတွက်ပဲဖြစ်စေ ကျနော်တို့ နယ်မြေထဲမှာတည်ဆောက်ဖို့အတွက် ဒီဟာကအခြေခံအုတ်မြစ်ဖြစ်တယ်။
KNU သည် အစိုးရတစ်ရပ်အနေနဲ့တောက်လျှောက်ရပ်တည်လာခဲ့တဲ့အတွက် သူနဲ့မဆိုင်ဘူးနေလို့မရသလို ခေါင်းရှောင်လို့လည်းမရဘူး။ ဘယ်သူနဲ့ပူးပေါင်းလုပ်လို့ရသလဲ၊ ဘယ်သူတွေပါဝင်ကူညီကြမလဲ၊ ဘယ်လောက် အတိုင်းအတာထိ လုပ်နိုင်မလဲ စနစ်တကျဗျူဟာချပြီး ဝိုင်းဝန်းလုပ်ကြရင်တော့ ကောင်းမွန်တဲ့ရလဒ်တစ်ခုကိုမြင်ရမယ်လို့ ကျနော်မြင်တယ်။
ငါတို့နဲ့မဆိုင်ဘူး၊ လုပ်လို့မရဘူးဆိုပြီးနေမယ့်အစား နည်းလမ်းရှာဖို့လိုတယ်။ အခု နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ အမေရိကန်ကလည်း ကျားဖြန့်ကိစ္စမှာ သူ့ပြည်သူတွေအတွက် တစ်နှစ်တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံသန်းနဲ့ချီပြီးဆုံးရှုံးမှုတွေဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဆုံးရှုံးမှုတွေဖြစ်တယ်။ ဒီခေတ်က Cyber ၊ AI ၊ Digital ခေတ်ဖြစ်တဲ့အတွက် Cyber Crime တွေတဖြည်းဖြည်းများလာပြီး နိုင်ငံတကာကလည်း ဒါကိုတိုက်ဖျက်ဖို့ နည်းလမ်းတွေထွက်ပေါ်လာမယ်။ နိုင်ငံတကာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်တဲ့အချိန် ကျနော်တို့ဒီကိစ္စကိုလုပ်ဆောင်ဖို့လိုတယ်။ ကရင်ပြည်နယ် တခုတည်းနဲ့ပြီးတဲ့ကိစ္စမဟုတ်ဘူး။ ထိုင်းနိုင်ငံနဲ့ရေရှည်ဆက်ဆံရမယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်ဆောင်မယ် ပြောချင်တာ ဒါတွေအကုန်လုံးကဆက်စပ်နေတယ်။ ဒါကြောင့် ကျနော် တို့အနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဒီကိစ္စကိုလုပ်ဆောင်ရမယ်။ ခေါင်းရှောင်နေလို့မရဘူး။







