ထိုင်းနိုင်ငံအတွင်း တားမြစ်လုပ်ငန်းများ၌ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ သားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက် စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဟု ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ပြောဆိုထားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ယမန်နေ့က ဖော်ပြသည်။
ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်ပေးနေသည့် တရားမဝင် နိုင်ငံခြားသားလုပ်သားများနှင့် နိုမီနီ (Nominee) နည်းဖြင့် စီးပွားရေးလုပ်ငန်းများကို ဝင်လုပ်နေသည့် နိုင်ငံခြားသားများကို စစ်ဆေး အရေးယူရန် ရည်ရွယ်ထားကြောင်း၊ ထိုသို့ အရေးယူရခြင်းမှာ ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအား ထိန်းသိမ်းပေးရန် ဖြစ်ကြောင်း ဆိုသည်။
စစ်ဆေးမှုများကို ကားအငှားဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ဆံပင်ညှပ်ဆိုင်များနှင့် အဓိက စီးပွားရေး နေရာများတွင် အဓိကထား လုပ်ဆောင်မည်ဖြစ်ပြီး ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်၊ ကော့စမွေ၊ ပတ္တရားအပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ လုပ်ငန်းခွင်များမှာ တင်းကျပ်စွာ စစ်ဆေးသွားမည်ဟု အလုပ်အကိုင်ရှာဖွေရေးဌာနက သတိပေးထားသည်။
“ထိုင်းဟာ အာရှမှာ နိုင်ငံရေး၊ စီးပွားရေး၊ ခရီးသွားလာရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့အချိန် ဖြစ်တယ်။ နိုင်ငံခြားသားတွေ ထိုင်းဥပဒေနဲ့အညီ အလုပ်လုပ်ကိုင်မှုနဲ့ ထိုင်းနိုင်ငံသားတွေ အလုပ်ကိုင် အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ ထိုင်းအမျိုးသားရေးကာကွယ်ရေးမူဝါဒတွေကို ပြန်လည် ကြပ်မတ်လာတာလို့ မြင်မိတယ်” ဟု မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားလုပ်သားများအနေဖြင့် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ အွန်လိုင်းဈေးရောင်းခြင်းကဲ့သို့ တားမြစ်အလုပ်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။
ထို့အပြင် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်သိမ်းခံရကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ ဇွန် ၁၅ ရက်တွင် သတိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အထောက်အထားမရှိသော အလုပ်သမားကို ခိုင်းစေသည့် အလုပ်ရှင်အနေဖြင့်လည်း အလုပ်သမားတစ်ဦးအတွက် ဘတ် ၁၀၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ဒဏ်နှစ်မျိုးစလုံး ပေးဆောင်ရမည့်အပြင် ၃ နှစ်ကြာ နိုင်ငံခြားသား အလုပ်သမားခန့်ထားခွင့်ပါ ပိတ်ပင်သွားမည်ဟုလည်း ဆိုထားသည်။
ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက “ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့
visa ရှိမှ ဒီအလုပ် လုပ်လို့ရတယ်တို့ ဘာတို့ လုပ်ငန်းချဲ့ထွင်အပိုင်းမှာတော့ ဆိုင်ဖွင့်မယ်ဆို ထိုင်းနိုင်ငံသား တစ်ဦးဦးနဲ့ မှတ်ပုံတင်ရတာတို့ ဘာတို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်မရှိ။ အသေးစား ဆံပင်ညှပ်တာတို့ တောင်မရပါဘူး။ ဒဏ်ရိုက်ခံထိပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း ဘာ visa၊ ညာ visa ရှိမှ အလုပ်ခွင့်ပြုတာမျိုးတွေ ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅၊ ဇွန် ၁၃ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝ တားမြစ် ထားသော အလုပ်အကိုင်များတွင် နိုင်ငံခြားသားအလုပ်သမား ၄,၄၃၇ ဦးကို စစ်ဆေးခဲ့ပြီး ၄၁၇ ဦးအား တရားမဝင် အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့သည့်အတွက် အရေးယူခဲ့ကြောင်း၊ ၎င်းထဲတွင် အများဆုံးပြစ်မှုများမှာ လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်ခြင်း၊ ဆံသသမား၊ အလှပြင်ဆရာများ၊ ထိုင်းရိုးရာနှိပ်နယ်သူများ၊ စာရေး၊ အတွင်းရေးမှူးနှင့် ယာဉ်မောင်းများဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အကိုင် ၂၇ မျိုး သတ်မှတ် ထားသည်။ ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ် အလုပ်များကိုလည်း ဝင်ရောက်လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။
၂၀၂၅ ဇူလိုင်လ အချက် အလက်များအရ ထိုင်းနိုင်ငံတွင် လက်ရှိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံခြားသား စုစုပေါင်း ၄,၀၇၁,၆၁၇ ဦး ရှိကြောင်း သိရသည်။ ထိုထဲတွင် အဓိကအားဖြင့် MoU စနစ်ဖြင့် ဝင်ရောက်လာသူ ၆၈၇,၄၀၅ ဦးရှိပြီး၊ ကမ္ဘောဒီးယား ၁၇၈,၂၄၀ ဦး၊ လာအိုမှ၂၆၀,၈၄၅ ဦးနှင့် မြန်မာနိုင်ငံသား၂၄၈,၃၂၀ ဦးတို့ ပါဝင်ကြောင်း ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနထံမှ သိရသည်။







