စစ်ကောင်စီက အင်အားသုံး တိုက်ခိုက်မှုကြောင့် ကျောက်ဖြူစစ်မျက်နှာတွင် ထိန်းချုပ် နေရာအချို့မှ AA ပြန်ဆုတ်

စစ်ကောင်စီက အင်အားသုံး တိုက်ခိုက်မှုကြောင့် ကျောက်ဖြူစစ်မျက်နှာတွင် ထိန်းချုပ် နေရာအချို့မှ AA ပြန်ဆုတ်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အစုံသုံးကာ မြေပြင်တပ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေမှုကြောင့် အာရက္ခတပ်တော် (AA)က တိုက်ခိုက်ထိန်းချုပ်ထားသည့် နေရာအချို့မှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

အာရက္ခတပ်တော်သည် ယခင်က ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာအထိ ထိုးဖောက်ဝင်ရောက်ကာ နယ်မြေစိုးမိုးထားခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စ၍ ကျောက်ဖြူမြို့နှင့် ၁၃ မိုင်ကျော် အကွာထိကို ဆုတ်ခွာပေးခဲ့ရကြောင်း ကျောက်ဖြူစစ်ရေးအခြေအနေကို သိရှိသည့် သတင်းရင်းမြစ်များက DMG ကို ပြောသည်။

"တပ်တော် (AA)က အရင် လုံခြုံရေးဂိတ်လုပ်ခဲ့တဲ့ သိုင်းချောင်းရွာနားက သစ်ပုတ်တောင်လမ်းခွဲမှာ အခု စစ်ကောင်စီက အထိုင်ချထားတယ်။ ကုလာဘာကျေးရွာနဲ့ သိုင်းချောင်းကျေးရွာမှာလည်း စစ်ကောင်စီ ဘက်က လူတွေ အများကြီး နေရာယူထားတယ်" ဟု ကျောက်ဖြူစစ်ရေးအခြေအနေကို သိရှိသည့် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာရှိ မလကျွန်းကျေးရွာ၊ ကျောက်ဖြူမြို့နှင့် ၄ မိုင်ကျော် အကွာရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီးတို့အထိ ခြေကုတ်ယူနိုင်ခဲ့သော်လည်း ယခုအခါ ပြင်ရှည်၊ ကုလာဘာ၊ သိုင်းချောင်း စသည့်နေရာများကို ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ကျောက်ဖြူစစ်မျက်နှာတွင် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်ရေးအတွက် တပ်သားသစ်များကို အင်အားထောင်ချီ အသုံးပြုကာ တိုက်ပွဲတွင် ဖြန့်ကျက်ထားကြောင်း သိရသည်။

ထိုသို့ စစ်မှုထမ်း တပ်သားသစ်အင်အားအပြင် လေကြောင်းပစ်ခတ်မှုများ၊ နည်းပညာမြင့် ဒရုန်းများ၊ ရေတပ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်မှုများဖြင့် ကျောက်ဖြူတိုက်ပွဲကို စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေသည်ကိုလည်း တွေ့ရသည်။

"ကုန်းတစ်ကုန်းကို ရဖို့၊ ရွာတစ်ရွာကို ရဖို့အတွက် လူတွေကို ရင်းပြီး ထိုးစစ်လုပ်တာ။ ကျောက်ဖြူတိုက်ပွဲ ကာလတစ်လျှောက် စစ်ကောင်စီဘက်က သေဆုံးတာ ထောင်ဂဏန်းဝန်းကျင်လောက်တောင် ရှိလိမ့်မယ်။ တော်တော်များများက တပ်သားသစ်တွေ။ လုံးဝ အသေခံခိုင်းပြီး ရင်းတာ" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အောက်တိုဘာလ ဒုတိယပတ်က စ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ပြင်းပြင်းထန်ထန် မရှိသော်လည်း ကုလာဘာနှင့် ဂေါ်တူကျေးရွာဘက်တို့တွင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး စစ်သင်္ဘောများမှလည်း အရပ်သားနေထိုင်ရာ နေရာများကို လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ကျောက်ဖြူဒေသခံ လူငယ်အမျိုးသားတစ်ဦးကလည်း "စစ်ကောင်စီဘက်က ရေတပ်ကို အသုံးပြုပြီး စစ်အင်အား လိုသလောက် ဖြည့်လို့ရတာရယ်။ တရုတ်စီမံကိန်း အဆောက်အအုံတွေရှိတာရယ်။ ဒီဟာတွေက စစ်ကောင်စီအတွက် အဓိက အားသာချက်ဖြစ်နေတယ်။ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲဟာ ဒီပုံအတိုင်းဆို နည်းနည်း ကြာရှည်နိုင်မယ်ထင်တယ်" ဟု ပြောသည်။

အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့အဝင်ရှိ အမှတ် (၃၂) ရဲတပ်ရင်းကို သိမ်းပိုက်ရန် ပြီးခဲ့သည့် ဇွန်လ ပထမအပတ်က ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းနှင့် စစ်သင်္ဘောများမှ အပြင်းအထန် ခုခံတိုက်ခိုက်မှုအပြင် မြေပြင်အင်အားကို ထပ်မံဖြည့်တင်းနိုင်ခဲ့သဖြင့် ပြန်လည်နောက်ဆုတ်ခဲ့ရသည်။

လက်ရှိတွင် ကျောက်ဖြူတိုက်ပွဲ နောက်ဆုတ်ပေးနေရခြင်းမှာ အာရက္ခတပ်တော်၏ နောက်ထပ် စစ်ရေးဗျူဟာသစ် တစ်ခုကို အသုံးပြုလို၍ ခဏဆုတ်ခွာပေးခြင်းလည်း ဖြစ်နိုင်ကြောင်း ရခိုင်စစ်ရေး စောင့်ကြည့်နေသူများက သုံးသပ်ကြသည်။

"တကယ်တော့ တရုတ်စီမံကိန်းတွေ အများကြီးရှိတဲ့ ကျောက်ဖြူဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်သလို AA အတွက်လည်း မဖြစ်မနေ သိမ်းပိုက်ရမယ့် စစ်မျက်နှာလည်း ဖြစ်တယ်။ ဒါကြောင့် AA ဟာ လတ်တလောမှာ တိုက်နည်းဗျူဟာအသစ်လုပ်ဖို့ ခွာပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ရခိုင်တိုက်ပွဲ ဗိုလ်ပွဲရောက်ပြီဆိုတော့ ခွာလိုက်တက်လိုက် ရှိနေအုံးမယ်ထင်တယ်" ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။

လက်ရှိ ကျောက်ဖြူစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

CDM တပ်အရာရှိ ဗိုလ်ကြီး ဇင်ယော်က "ကျောက်ဖြူစစ်မျက်နှာ အခြေအနေက အစပိုင်းမှာ အားပါပေမယ့် နောက်ပိုင်းမှာ သိပ်အားမပါတော့ဘူး။ သူတက်လိုက် ကိုယ်ဆုတ်လိုက်၊ ကိုယ်တက်လိုက် သူဆုတ်လိုက် အဲ့လိုမျိုး သွားနေတယ်။ ကျန်တဲ့စစ်မျက်နှာတွေမှာ အေအေက "ဟိတ်" ဆိုတာနဲ့ စစ်တပ်က တစ်ခါတည်း ပြေးပြီးသားပဲ။ ဒီအနေအထားတိ အေအေရဲ့ စစ်ရေးစွမ်းရည်က စစ်တပ်အပေါ်မှာ လွှမ်းမိုးထားပြီးသား" ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး "အဓိကတော့ အဲ့မှာ တရုတ်စီးပွားရေးဇုန်တွေ ရှိတယ်။ ဒါတွေကို ရှောင်ကွင်းပြီးတော့ တရုတ်နဲ့ မငြိချင်လို့ ရှောင်တိုက်ရင်းကနေ ကန့်သတ်ချက် တဖြည်းဖြည်း များလာတဲ့အတွက် စစ်သဘောအရဆိုရင် နာတာပဲ။ စစ်တပ်ကလည်း တရုတ်ကို ကာဗာယူပြီးမှ တိုက်စစ်ဆင်လာတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက် လုပ်ရကိုင်ရ ကျပ်သွားတဲ့ ပုံစံမျိုးလို့တော့ ယူဆပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံ၏ ရေနံနှင့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ နှင့် ဆက်စပ်သော ရထားလမ်း၊ ကားလမ်း စသည့်စီမံကိန်းကြီးများစွာ တည်ရှိနေသည်။

ထို့အတူ ကျောက်ဖြူကနေ စစ်ကောင်စီသည် အကျိုးအမြတ်များ စွာရရှိနေပြီး တရုတ်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ထားနိုင်ကြောင်း ရှုမြင်ကြသည်။

အာရက္ခတပ်တော်က အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်သည့် အသိပေးတားမြစ်ချက်တွင် စစ်ကောင်စီက စစ်တွေနှင့် ကျောက်ဖြူမြို့သို့ စစ်အင်အားတိုးမြှင့်ခြင်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့များထဲမှ အချို့သောမြို့များအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရယူရန်အတွက် ပြင်ဆင်နေမှုများကိုတွေ့ရကြောင်းလည်း အာရက္ခတပ်တော်က ဆိုသည်။

အာရက္ခတပ်တော်သည် ပြီးခဲ့သည် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်က မြို့နယ် ၁၄ ခု စုစုပေါင်းမြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ကိုသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တော့သည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...