စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အမှန်တကယ် မတားဆီးနိုင်တာလား

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အမှန်တကယ် မတားဆီးနိုင်တာလား
Photo credit - MOI
Photo credit - MOI

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် ဦးဆောင်ပြီး အပိုင်းလိုက်စနစ်နဲ့ အထွေထွေရွေး ကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ ကျော်သာ ကျန်ရှိတော့တဲ့အချိန်မှာ အာဆီယံအနေနဲ့ တားဆီးဖို့ မဖြစ်နိုင်ဘူးလို့ အလှည့်ကျဥက္ကဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြောလာပါတယ်။

ဒီဇင်ဘာနှောင်းပိုင်းမှာ ကျင်းပဖို့ ရှိနေတဲ့ မြန်မာရွေးကောက်ပွဲကို အာဆီယံက တားဆီးဖို့ မဖြစ်နိုင်ပေမယ့် အားလုံးပါဝင်ပြီး ပွင့်လင်မြင်သာတဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့ မိုဟာမက် ဟာဆန်က အောက်တိုဘာ ၂၄ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံက လူတချို့ပဲ ပါဝင်ခွင့်ရပြီး အခြားသူတွေကို ဖယ်ထုတ်ထားတဲ့ ရွေး ကောက်ပွဲမျိုး မလိုလားကြောင်းနဲ့ ဒီကိစ္စတွေကို အာဆီယံခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ်လို့ သူက ပြောကြားထားပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက အတုအ‌ယောင်ရွေးကောက်ပွဲကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဖိအားတွေထက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက် ဆန့်ကျင် ကန့်ကွက်သွားရုံပဲ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် အာဆီယံကနေ မရပ်တန့်ပေးနိုင်ဘူးလို့ ဆိုပေမယ့် မထောက်ခံဘူးဆိုတာတော့ သေချာပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ အာဆီယံပဲဖြစ် ဖြစ် UN ဖြစ်ဖြစ် ဘယ်နိုင်ငံတကာအဖွဲ့အစည်းဖြစ်ဖြစ် သူတို့ရဲ့ အော်သံဖိအားတွေထက် ကျွန်တော်တို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ခံယူချက် ဦးတည်ချက်အပေါ် ဆက်လက်ပြီးတော့ အခိုင်အမာ ရပ်တည်ပြီး ဆက်လက် ဆန့်ကျင်ကန့်ကွက်သွားရုံပဲ ရှိပါတယ်။တခြားရွေးချယ်စရာလမ်းတော့ မရှိဘူး”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတွန်းလှစ်စစ်ဟာ အတိုင်း အတာတစ်ခုအထိ ရောက်ရှိလာခဲ့ပြီး စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်တွေအထိ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမယ့် တရုတ်အစိုးရရဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအပေါ် ဖိအားပေးမှုနဲ့ မြန်မာ့အရေး ကြားဝင်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြီးကတည်းက ရခိုင်ပြည်နယ်ကလွဲရင် ကျန်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှု အားလျော့လာခဲ့ပါတယ်။

ဒီအပေါ် စစ်ကော်မရှင်က အခွင့်ကောင်းယူပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ကာ လက်လွှတ်ထားရတဲ့ နယ်မြေတွေထဲက အရေးပါတဲ့ မြို့တွေကို ပြည်သူ့စစ်မှုထမ်းအင်အားနဲ့ တန်ပြန်ထိုးစစ်ဆင်လာနိုင်ခဲ့တာပါ။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အပိုင်း ၁ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကျန်တဲ့ မြို့နယ် ၁၀၀ ကိုတော့ ဒုတိယကြိမ် အပိုင်း ၂ အဖြစ် နောက်နှစ် ဇန်နဝါရီမှာ ကျင်းပဖို့ ရှိနေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ၅၆ မြို့နယ်ကို ကြေညာထားပြီး စစ်ခေါင်းဆောင်ကတော့ နောင်တက်လာမယ့် အစိုးရအနေနဲ့ မကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပြုလုပ်သွားဖို့ စဉ်းစားထားတယ်လို့ ပြောဆိုထားတာပါ။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ပြီး သူတို့ထိန်းချုပ်လှုပ်ရှားနယ်မြေတွေမှာ ကျင်းပခွင့်ပြုမှာ မဟုတ်သလို ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုပဲ ဖျက်ဖျက် စစ်ကော်မရှင်က သူတို့ လုပ်လို့ ရနိုင်တဲ့ နယ်မြေတွေမှာ ကွက်ပြီး လုပ်သွားမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ (စကမ) ရွေးကောက်ပွဲကတော့ မဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ဘာလို့ဆို သူတို့လုပ်တာ သူတို့ ဖြစ်အောင် လုပ်မှာပဲ။ နောက်ဆုံး သူတို့ စစ်တပ် အသိုင်းအဝိုင်းလေးမှာတင် လုပ်ပြီးသွားလည်း ရွေးကောက်ပွဲက ပြီးပြီဆိုပြီးတော့ အသံကောင်းဟစ်ပြမှာပဲ။ ဒီစစ်အုပ်စုအနေနဲ့ ဘယ်သူလက်ခံလက်ခံ မလက်ခံ မလက်ခံ သူတို့ စိတ်မဝင်စားဘူး။ လောလောဆယ် သူတို့ရဲ့ မူက ဆူဆူဆဲဆဲ (အပိုင်း ၁ ရွေးကောက်ပွဲ) တစ်ပွဲပြီးဖို့ပဲ အာရုံထားတာ။အဲဒီတော့ တစ်ပွဲပြီးသွားအောင်တော့ လုပ်မှာပဲ”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကနေတဆင့် ပေါ်ထွက်လာမယ့် အစိုးရနဲ့ လက်လွှဲယူမယ့် စစ်တပ်ခေါင်းဆောင်တွေဟာ ကျန်လက်လွှတ်နယ်မြေတွေကို ဆက်လက်ထိုးစစ်ဆင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ လုပ်သွားမယ့် သဘောလို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ကော်မရှင်ကတော့ လက်ရှိ ရွေးကောက်ပွဲအကြိုကာလမှာ မဲဆန္ဒရှင်အမည်စာရင်းနဲ့ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ရပ်ကျေးရုံးတွေမှာ ကပ်ထားကြေညာပြီး ဖြစ်ပါတယ်။

တစ်ဘက်မှာ ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက် အသိပညာပေးလုပ်ငန်းတွေနဲ့ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့်တွေကိုလည်း လာမယ့် ရက်ပိုင်းအတွင်း စတင်ခွင့်ပြုပေးဖို့ ရှိနေတာပါ။

အာဆီယံကတော့ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့ပြဿနာဖြေရှင်းရေးအတွက် အဖြေမဟုတ်ဘူးလို့ ပြောထားပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကန့်ကွက်ငြင်းပယ်တာတွေ မရှိသေးပါဘူး။

Justice for Myanmar ကတော့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သတ်မှုကို အဆုံးသတ်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က တောင်းဆိုထားတာပါ။

အဲဒီ တောင်းဆိုမှုကို အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်‌နေ့အထိ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ တောင်းဆိုလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...