KK Park မှ ထွက်ပြေးလာသူများကို စောင့်ဖမ်းနေ၍ မြဝတီနယ်စပ် အခြေအနေရှုပ်ထွေး

KK Park မှ ထွက်ပြေးလာသူများကို စောင့်ဖမ်းနေ၍ မြဝတီနယ်စပ် အခြေအနေရှုပ်ထွေး

နိုင်ငံဖြတ်ကျော်ဆိုက်ဘာရာဇဝတ်မှုများ လုပ်ကိုင်နေကြောင်း နာမည်ကြီးနေသည့် KK Park ဝန်းအတွင်းမှ ထွက်ပြေးလာသည့် အလုပ်သမားများကို စစ်အုပ်စုတပ်ဖွဲ့ဝင်များက မြဝတီမြို့နယ် လမ်းပိုင်းနေရာများတွင် စောင့်ဆိုင်းဖမ်းဆီးနေသဖြင့် နယ်စပ်အခြေအနေရှုပ်ထွေးနေကြောင်း မြို့တွင်းနေထိုင်သူများထံမှ သိရသည်။

အောက်တိုဘာ(၁၉)ရက်နေ့က KK Park ဝန်းကို စစ်အုပ်စုဝင်ကာ ပြည်တွင်းပြည်ပမီဒီယာတွင် သတင်း အမျိုးမျိုးထွက်ရှိလာပြီးနောက် BGF က ဝန်းအတွင်းမှ အလုပ်သမား ရာနှင့်ချီကို ရွှေ့ပြောင်းသယ်ဆောင်မှု ပြုလုပ်ခဲ့သည်။ အလုပ်သမားများ နေရပ်ပြန်ရေးပို့ဆောင်ပေးနေသည်ဟု BGF က ဆိုထားသော်လည်း မျက်မြင်တွေ့သူများ ပြောပြချက်အရ မိမိတို့ အစီအစဉ်ဖြင့် ထွက်ပြေးလာကြသူများလည်း ယနေ့မနက်အထိ ရှိနေသည်။

စစ်အုပ်စုက ၎င်းတို့ကို ကျောက်လုံးကြီးလမ်းနှင့် ဗိုလ်မုတ်သုန်လမ်းနေရာ ဂိတ်များတွင်လည်းကောင်း၊ ထိုင်းဘက် ပြေးလာသူများကို ထိုင်းအာဏာပိုင်တို့ကလည်းကောင်း ဆီးကြိုဖမ်းဆီးနေသဖြင့် နယ်စပ်အခြေအနေ ရှုပ်ထွေးနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာကစောင့်ဖမ်းတာနှစ်နေရာ ကျောက်လုံးကြီးလမ်းနဲ့ ဗိုလ်မုတ်သုတ်လမ်းတစ်နေရာ။ ဝင်လာလို့ရတာဆိုလို့ အဲဒီ (၂)ပေါက်ပဲရှိတယ်။ ဖမ်းမိတာတစ်ချို့ရှိတယ်။ ထိုင်းဘက်ပြေးသွားတဲ့သူတွေကိုလည်း ထိုင်းတွေ အသားကုန် စောင့်ဖမ်းနေတာပဲ။ တချို့ ဗမာပြည်သားတွေကျတော့ မြို့ထဲကိုပြန်ဝင်လာပြီး ဒီတိုင်းပဲသွားလာနေတယ်” ဟု သူက ပြောသည်။

မြို့ထဲ ပြန်ဝင်လာသူများကြောင့် မြဝတီမြို့ပေါ်ရှိ တည်းခိုခန်းများတွင် နေရာအပြည့် ဖြစ်နေသလို အခြေအနေ ဒီထက် ပိုရှုပ်ထွေးလာမည်ကို စိုးရိမ်နေရကြောင်းလည်း နယ်စပ်နေထိုင်သူများက စိုးရိမ်နေကြသည်။

ဖမ်းမိသွားသူအချို့ကိုမူ စစ်အုပ်စုက မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မသိရသေးသော်လည်း KK Park မှ ထွက်ပြေးလာသည့် မည်သည့် မြန်မာပြည်သား၊ နိုင်ငံခြားသားမဆို ဖမ်းဆီးခံနေရသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ကေအိုင်စီ သတင်းအရင်းအမြစ်ထံမှ သိရသည်။

မြို့ပေါ်၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း “ပြန်ပြေးလာသမျှအကုန်ဖမ်းတာ။ ဒါပေမဲ့ တချို့ကဒီမှာဆွေမျိုးရှိတော့ သွားပြန်ခေါ်တာမျိုးဆိုရင် သူတို့(စစ်အုပ်စု)က မဖမ်းဘူး။ လောလောဆယ် မြို့ထဲမှာတော့ အခြေအနေတွေရှုပ်နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံသတင်းအရင်းအမြစ်များအရ KK Park ကို စစ်တပ် ထပ်မံဝင်စီးဦးမည်ဖြစ်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လာမှုကြောင့် BGF ၏ စီမံမှုဖြင့် ဝန်းအတွင်းရှိ အလုပ်သမားများ မယ်ထော်သလေးရွာအနီးတဝိုက်နဲ့ မြဝတီဘက်သို့ နေ့ချင်းညချင်းရှောင်ရှားသွားကြခြင်းဖြစ်သည်။

BGF အဖွဲ့အပါအဝင် စစ်အုပ်စုနှင့်ပူးပေါင်း၍ အကျိုးအမြတ်ရှာဖွေနေသည့် လုပ်ငန်းများကို သုတေသနပြု ဖော်ထုတ်နေသည့် Justice for Myanmar ကမူ KK Park နှင့် နယ်စပ်ဒေသရှိ နိုင်ငံဖြတ်ကျော် ရာဇဝတ် လုပ်ငန်းများ၏ နောက်ကွယ်တွင် စစ်အုပ်စုက အဓိက ကွပ်ကဲနေသည်ဟု ဆိုသည်။

Photo credit - CJ

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...