ဗန်းမောက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ တိုးများလာနေဆဲ

ဗန်းမောက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ တိုးများလာနေဆဲ

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်တွေဟာ တိုးများလာနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဗန်းမောက်မြို့နဲ့ သုံးမိုင်ဝန်းကျင်အကွာက ကျေးရွာဒေသခံတွေဟာ စစ်ဘေးရှောင်စခန်းတွေဆီကို တိမ်းရှောင်ကြသလို တချို့လည်း တောတောင်ထဲ တိမ်းရှောင်ကြတာဖြစ်တယ်လို့သိရပါတယ်။ 

အခုရက်ပိုင်းမှာ တောတောင်ထဲကို စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင်နှစ်ရာကျော်ကို SNA တပ်မဟာ ၆၁၄ က ကူညီရွှေ့ပြောင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေဆီကို တောတောင်ထဲမှာ တိမ်းရှောင်နေကြတဲ့ သခွက်သာ၊ ခိုနန်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင် နှစ်ရာကျော် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

“စစ်ရှောင်စခန်းတွေဆီကိုလည်း မရောက်၊ တောထဲ ဟိုပုန်း ဒီပုန်းနဲ့ နေတဲ့ သာမာန် ကတူးပြည်သူတွေကို စစ်ရှောင်စခန်းတွေဆီကို ခေါ်ခဲ့တယ်။ ဆေးဝါးကုသမှုတွေနဲ့ နေထိုင်စားသောက်ရေး စီစဉ်ပေးထားတယ်” လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသူတစ်ဦးက ပြောပါတယ်။

တောတောင်ထဲ တိမ်းရှောင်နေသူတွေထဲမှာ ရဟန်းသံဃာ ၇ ပါး၊ ကလေးငယ် ၈၀ ဦးနီးပါးနဲ့ သက်ကြီးရွယ်အို ၂၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလဝက်ကတည်းက တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လပြည့်လာတဲ့အခါမှာ ဆေးဝါးနဲ့ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း ရပ်ရွာနဲ့ ရှမ်းနီအမျိုးသားများ တပ်မတော်က အဓိက ကူညီဆောင်ရွက်ပေးနေရပြီး တိုးများလာတဲ့အတွက်ကြောင့် အကူအညီတွေ လိုအပ်တယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် မန္တလေးမြို့ရှိ ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများက စတင်ဆောင်ရွက်နေပြီး လာမယ့် ရက်ပိုင်းတွေအတွင်းမှာ သွားရောက်ကူညီနိုင်မယ်လို့ ကနဦး သိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စု၊ သခွက်တာ၊ ခိုနန်းကျေးရွာများမှာ လူဦးရေ ၂၀၀ ကျော်၊ ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

March 14, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ...
March 13, 2026
မန္တလေးတိုင်းဒေကြီး သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့ကို NUG က သိမ်းပိုက်ပြီး...
March 12, 2026
တော်လှန်ရေး ဦးဆောင်အဖွဲ့တွေကြား နိုင်ငံရေးအရ ကျေလည်မှုရှိအောင် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုတွေ...
March 11, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိလာတဲ့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်တချို့ရဲ့...