စစ်ကော်မရှင်ဆီ အလင်းဝင်တဲ့ KIA တပ်သား မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

စစ်ကော်မရှင်ဆီ အလင်းဝင်တဲ့ KIA တပ်သား မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

ပူတာအိုမြို့နယ်က KIA/KPF တပ်ဖွဲ့ဝင်တချို့ အလင်းဝင်ရောက်လာတယ်လို့ စစ်ကော်မရှင်က မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြလာတဲ့အပေါ် KIA ဘက်ကတော့ အလင်းဝင်သူမရှိသလို ဒီသတင်းဟာ တမင်ဇာတ်လမ်းဆင်ထားတာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တုန့်ပြန်ပြောဆိုပါတယ်။

နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်လာတဲ့ KIA/KPF အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင် ၁၁ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင် ရောက်လာတယ်လို့ စစ်ကော်မရှင်က ရေးသားဖော်ပြလာတာပါ။

KIA တပ်သားတွေ အလင်းဝင်ရောက်တာ မရှိသလို ဒီသတင်းဟာ စစ်တပ်က သူတို့ရဲ့ လူတွေနဲ့ ဇာတ်လမ်းဆင်ပြီး သရုပ်ပြလိမ်ညာထားတဲ့ သတင်းသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“သူတို့ရဲ့ ပြည်သူ့စစ်တွေကို တမင်ဇာတ်လမ်းဆင်ပြီး လုပ်တာ။ အရင် ပန်ဝါချီဖွေဘက် ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့အချိန်ကလည်း သူတို့ ပြည်သူ့စစ်တွေကို အလင်းဝင်တယ်ဆိုပြီး လိမ်ပြီးတော့ သေနတ်တွေ အပ်တယ်။ သရုပ်ပြပြီး လုပ်တာ။ အခုလည်း ကျွန်တော်တို့ အဲဒီဘက်မှာ တိုက်တဲ့အတွက် တမင် သူတို့လူနဲ့ သူတို့ အဲဒီလိုလုပ်တာ လိမ်ညာထားတဲ့ သတင်းဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

လတ်တလော အဲဒီဒေသဘက်မှာ တိုက်ပွဲဖော်ဆောင်တာမျိုး ရှိနေတာကြောင့် စစ်တပ်ဘက်က တမင် သတင်းအမှားတွေ ထုတ်လွင့်တာဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က တပ်ဖွဲ့ဝင်တချို့ကတော့ KIA ထဲ ဝင်ရောက်လာမျိုးရှိတယ်လို့လည်း ပြောပါတယ်။

“ဆက်ပြီးမှလည်း ရှိမှာပဲ ဆက်ပြီးမှလည်း လုပ်ကြမှာ ဒါမျိုး။ ဆန္ဒပြတာတွေလုပ် အလင်းဝင်တာတွေလုပ်မှာ ယုံရတဲ့ဟာ မဟုတ်ဘူး။ ဘယ်သူမှ မဝင်ဘူး။ သူတို့ရဲ့ ပြည်သူ့စစ်တွေတော့ ကျွန်တော်တို့ဘက်ကို ဝင်တာရှိတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

စစ်တပ်အနေနဲ့ အခုလို အလင်းဝင်ရောက်မှုတွေ ထုတ်လွင့်တာအပြင် ပြည်သူတွေကိုလည်း နေ့စားပေး မလာမနေရ ဆန္ဒပြခိုင်းမှုတွေဟာ သူတို့ရဲ့ ဗျူဟာတခုဖြစ်တာကြောင့် ယုံလို့ရတဲ့ သတင်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်ကတော့ အလင်းဝင်ရောက်လာကြတဲ့ KIA/KPF အဖွဲ့ဝင်တွေဟာ အတင်းအဓမ္မစုဆောင်း ခံကြရတာ၊ အနေအစား ဆင်းရဲပြီး ပင်ပန်းဆင်းရဲစွာ နေထိုင်ရတာ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုနဲ့ အဆင့်အတန်းခွဲခြားပြီး အချင်းချင်း နှိပ်စက်သတ်ဖြတ်တာ၊ အဓမ္မမှုတွေ ကျူးလွန်တာ၊ အကြမ်းဖက်အဖွဲ့တွေရဲ့ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက် ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြေခံအဆောက်အဦးတွေနဲ့ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တော့တာကြောင့် ဥပဒေဘောင်ကို ဝင်ရောက် လာတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာတာနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ယုံကြည်လက်ခံပြီးတော့ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုတာကြောင့် လက်နက်ကိုင်လမ်းစဉ် ကိုစွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရတယ်လို့လည်း ပြောဆိုရေးသားထားပါတယ်။

ဝင်ရောက်လာတဲ့အဲဒီအဖွဲ့ဝင် ၁၁ ဦးကို မိဘ အုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းပေးတဲ့ အပ်နှံပွဲကိုလည်း မနေ့က အောက်တိုဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ် ပူတာအိုမြို့မှာရှိတဲ့ နယ်မြေခံတပ်နယ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ ဌာနဆိုင်ရာတာဝန် ရှိသူတွေအပြင် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာခဲ့ကြတဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...