NCA ၁၀ နှစ်ပြည့်ပွဲ မတက်ရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တိုက်တွန်း

NCA ၁၀ နှစ်ပြည့်ပွဲ မတက်ရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တိုက်တွန်း

လာမည့် အောက်တိုဘာ ၁၅ တွင် စစ်ကောင်စီ ဦးဆောင်ပြီး နေပြည်တော်၌ ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။

ယခင်က NCA လက်မှတ်ရေးထိုးထားကြသော KNU, CNF, ABSDF, PNLO, NMSP -AD နှင့် LDU တို့က အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အခြေခံမူများနှင့် ရည်မှန်းချက်များကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး UN, ASEAN အပါအဝင် နိုင်ငံတကာသံတမန် အဖွဲ့အစည်းများအနေဖြင့် ယင်းအခမ်းအနားသို့ မတက်ရောက်ရန်နှင့် စစ်အာဏာရှင်အဖွဲ့ကို တရားဝင်စေမည့် ထောက်ပံ့မှုများ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် NCA အပါအဝင် အတုအယောင်ရွေးကောက်ကို ကျင်းပ၍ ၎င်းတို့၏ ထိန်းချုပ်မှုကို တရားဝင် ဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များသည် မြန်မာပြည်၏ ပဋိပက္ခများနှင့် ပြည်သူတို့၏ ဆင်းရဲဒုက္ခကို ပိုမိုကြာရှည်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီအပါအဝင် NCA အခမ်းအနားများကို တက်ရောက်နေကြဆဲ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည်လည်း တိုင်းပြည်၏ ဖြစ်ပျက်နေသော အမှန်တရားများကို မျက်ကွယ်ပြု၍ အချင်းချင်း လိမ်ညာနေကြခြင်းသာဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက DMG ကို ပြောသည်။

"သူတို့ကိုသူတို့ လိမ်ညာနေတယ်လို့ပဲ ပြောရမယ်။ စစ်ကောင်စီအပါအဝင် အဲဒီအဖွဲ့တွေ အားလုံးပဲလေ။ ဒီတိုင်းပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ဟာ၊ ဒီလောက် ထင်ထင်ရှားရှား မြင်နေရတဲ့ဟာ ဒါကြီးကို ထလုပ်နေတယ်ဆိုတာက အောင်မြင်စရာအကြောင်း တစ်ခုမှ မမြင်ဘူး။ သူတို့ကို သူတို့ လိမ်ညာနေကြာတာပါ" ဟု ပဒိုစောတောနီးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်ကြသော KNU၊ RCSS၊ DKBA၊ KNU/KNLA-PC၊ PNLO၊ ABSDF၊ ALP၊ CNF တို့သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

နောက်ပိုင်း NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူး ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့က ထပ်မံ လက်မှတ်ရေးထိုးခဲ့ကြသဖြင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိနေသည်။

ရခိုင့် ဝါရင့် လွှတ်တော်နိုင်ငံရေးသမားတစ်ဦးက " NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေထဲမှာ တချို့က စစ်ကောင်စီနဲ့ ပေါင်းတဲ့အဖွဲ့၊ တချို့ကလည်း လက်နက်ကိုင်ပြီး ပြန်တော်လှန်တဲ့အဖွဲ့ဆိုပြီးတော့ ကွဲသွားတယ်။ အခု ကြေငြာချက်ထုတ်တာကတော့ လက်နက်ကိုင်တောင်လှန်ရေးကို ဆက်လုပ်နေတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒီကြေညာ ချက်အရ NCA မရှိတော့ဘူးလို့ ပြောတာ။ စစ်ကောင်စီကလည်း NCA ကို ဖွဲ့ထားတာ သူတို့ အကျိုးကို ဝန်းကူဖို့ အတွက်ဖြစ်တယ်" ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးအဖွဲ့များထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသးများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့်အဖွဲ့များမှာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ထို့အပြင် မွန်ပြည်သစ်ပါတီနှင့် ပအိုဝ်းတပ်များမှာလည်း NCA လက်ခံသူနှင့် လက်ခံဘဲ စစ်ကောင်စီကို တိုက်ခိုက်နေသူများဟူ၍ နှစ်ဖွဲ့ ကွဲနေသည်။

“အခုလို ကြေညာချက်တွေ ထုတ်နေတာထက် NCA အဖွဲ့ထဲက လုံးဝ နုတ်ထွက်တာမျိုးက ပိုသဘာဝကျမယ်။ ကျန်တဲ့အဖွဲ့တွေကိုလည်း နှုတ်ထွက်ဖို့ တိုက်တွန်းရမယ်။ ဒါမှ နှစ်ဘက်လုံး ပြတ်ပြတ်သားသားဖြစ်မယ်" ဟု အထက်ပါ ရခိုင်ဝါရင့် လွှတ်တော် နိုင်ငံရေးသမားက ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်၍ အာဏာသိမ်းခဲ့သော စစ်တပ်သည် မြန်မာနိုင်ငံအနှံ့ တော်လှန်မှုများကို ရင်ဆိုင်နေရပြီး လက်ရှိတွင် မြို့ပေါင်း ၁၀၀ ခန့်ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ် ဆုံးရှုံးထားရသည်။

စစ်ကောင်စီသည် ၎င်းတို့ ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းများကို ဖြေရှင်းရန် NCA လမ်းကြောင်းဖြင့် ကြိုးပမ်းမှုအပါအဝင် ယခုအခါ ရွေးကောက်ပွဲ ကျင်းပ၍ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းလာနေခြင်းဖြစ်သည်။

“တကယ်တမ်း NCA မှာက အခု မြင်နေရတာ RCSS၊ ALP၊ KNLA-PC၊ DKBA စတဲ့ စစ်ကောင်စီနဲ့ အလွမ်းသင့် အဖွဲ့တွေပဲ တက်မယ်ထင်တယ်။ ဒါပေမဲ့ NCA လက်မှတ်မထိုးထားသေးတဲ့ တချို့အဖွဲ့တွေကိုလည်း ဖိတ်ထားတယ်လို့ သတင်းတွေ ထွက်နေတယ်။ ဘယ်သူတွေပဲ တက်ကြပါစေ။ ဒီပွဲဟာ စစ်ကောင်စီ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတာထက် မပိုဘူး” ဟု မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်နေသူ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၁၀ နှစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားကို ‌လာမည့် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး "ငြိမ်းချမ်းသော မြန်မာအနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ" ကို အစီ အစဉ်အတွင်း ထည့်သွင်းထားကာ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစကာ အပိုင်းလိုက် ကျင်းပသွားမည့် ရွေးကောက်ပွဲ အောင်မြင်ရေး အဓိကဆွေး နွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

NCA လမ်းကြောင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန် ရည်မှန်းချက်ဖြစ်သည်။

သို့သော်လည်း NCA ပါ အချက်အလက်များမှာ စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဟုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောဆိုနေကြသည်။ လက်ရှိတွင် စာချုပ်ချုပ်ဆိုထားသည့် EAO များထဲမှ KNU၊ CNF၊ ABSDF၊ NMSP -AD တို့နှင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည်။

ယင်းကြောင့် NCA လမ်းကြောင်းမှာ လက်နက်ကိုင် အင်အားစုများနှင့် ပြည်သူတို့အကြား ယုံကြည်မှုနည်း ပါးသည်ကို တွေ့လာနေသည်။

နောက်ပြီး NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ EAOs များ ပါဝင်ရမည်ဖြစ်သော်လည်း အာဏာသိမ်းမှုကြောင့် လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေး ဆွေးနွေးမှု သဘောတူညီချက်များကို အတည်ပြုရန် နေရာမရှိတော့သလို NCA ငြိမ်းချမ်းရေးလမ်းကြောင်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေရသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...