ဗန်းမောက်တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်

ဗန်းမောက်တိုက်ပွဲဆက်ဖြစ်နေ၊ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်

ဗန်းမောက်မြို့ပေါ်ကိုတော်လှန်ရေးအင်အားစုတွေ‌ထိန်းချုပ်ပြီးနောက် စစ်ကြောင်းပြန်ထိုးနေတဲ့ ရှမ်းနီအမျိုးသား တပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ တစ်ရက်ခြားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

“သူတို့က လေကြောင်းနဲ့ ဗုံးကြဲတာတွေတော့ ရှိတယ်။ လွန်ခဲ့တဲ့ တစ်နေ့ကဘဲ ဗုံးကြဲတယ်။ Y 12 နဲ့ ဗုံး ၁၁ လုံးကြဲချသွားတာ။ ပြီးတာ့ ၉ရက်နေ့ကလည်း ဗန်းမောက်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သေးတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမဟုတ်တဲ့ ဗန်းမောက်မြို့ပေါ်နဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်မြေခံ SNA တပ်သားတွေ ပူးပေါင်းပြီးတော့ ဗန်းမောက်မြို့ပေါ်ကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတန်ပြန်ထိုးစစ်မှာ စစ်ကောင်စီက အင်အားအများအပြား အသုံးပြု ထိုးစစ်ဆင်လာတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုလို နှစ်ဖက်တပ်တွေအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်နဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာတွေအပါအဝင် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းက ကျေးရွာတွေအများစုက ဒေသခံတွေဟာ ဘေးလွတ်ရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အကူညီတွေ လိုအပ်နေတယ်လို့ ဗန်းမောက်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဗန်းမောက်မြို့အနီးတဝိုက်မှာ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည့်အတွက် မြို့အနီးတဝိုက် ကျေးရွာ တစ်ဆယ့်ငါးရွာခန့်နှင့် မြို့ပေါ် လေးရပ်ကွက်က ပြည်သူတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါသည်။ တချို့ကျေးရွာများဟာ အသက်လုပြေးရှောင်လာရသည့်အတွက် စားသောက်စရာ၊ အဝတ်အထည်၊ စောင်ခြင်ထောင်များ လိုအပ်လျက် ရှိပါသည်”လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရေးသား ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စက်တော၊ နားယကာ၊ အလယ်ရွာ၊ ကံရွာ၊ ကြောင်လည်၊ ပင်ဟင်းခါး၊ ခမိုး၊ မြစ်သေးချင်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း သိမ်းပိုက် ထိန်းချုပ်ပြီးသား ဗန်းမောက်မြို့ ကပ်လျက်က ခမိုးရွာနဲ့ စက်တောရွာတွေကနေ နောက်ဆုတ်ထားရပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲကလည်း အဲ့ဒီကျေးရွာတွေ အနီးတစ်ဝိုက်မှာဘဲ ပြင်းထန်နေတာလို့ ပြောပါတယ်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...