ဆုံးရှုံးနယ်မြေများ ပြန်ရရေး စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာ

ဆုံးရှုံးနယ်မြေများ ပြန်ရရေး စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာ

တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးထားသည့် တိုင်းနှင့် ပြည်နယ်အနှံ့က နယ်မြေများကို ပြန်လည် ထိန်းချုပ်ရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်အရှိန် မြှင့်တင်လာနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းက စ၍ ရှမ်းမြောက်၊ ကရင်၊ ရခိုင်၊ မကွေး၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် အင်အားတိုး၍ ထိုးစစ်အရှိန်မြှင့်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသည့် မြို့နယ်အချို့အပါအဝင် စစ်ရေးအရ အရေးပါသော နေရာများကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။

“စစ်ကောင်စီအနေနဲ့ နယ်မြေတွေ များများထိန်းထိန်းချုပ်ထားနိုင်မှ ရွေးကောက်ပွဲအတွက် ပိုပြီး စိတ်ချရမယ့် သဘောဆိုတော့ စစ်ကောင်စီအတွက် ဒီကာလဟာ နယ်မြေထိန်းချုပ်ရေးအတွက် မီးကုန်၊ ယမ်းကုန် ကြိုးစားရမဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် ထိုးစစ်တွေလည်း ပိုပြီးပြင်းထန်လာနိုင်ဖွယ်ရှိတယ်” ရခိုင်နိုင်ငံရေးသမား တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေး-လားရှိုး- မူဆယ် လမ်းမကြီးရှိ ကျောက်မဲမြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်၍ TNLA က ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကြောင်း ထိုးနေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ မြဝတီ၊ လေးကေ့ကော်မြို့သစ်ကိုလည်း စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်ရှိ KNU သည် မြို့တစ်ဝက်ခန့်အထိ ဆုတ်ခွာပေးထားရကြောင်း သိရသည်။

လေးကေ့ကော်မြို့သည် မြဝတီတောင်ပိုင်း ထိုင်း- မြန်မာနယ်စပ်ဒေသ တစ်ခုလုံးအတွက် စစ်ရေးအရ အရေးပါသောနေရာဖြစ်ကြောင်း သိရသည်။

အလားတူ NUG လက်အောက်ခံ PDF နှင့် တော်လှန်းရေးအင်အားစုများ ပူးပေါင်းသိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကိုလည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေပြီး လက်ရှိတွင် မြို့ပေါ်မှ ၅ မိုင်ခန့်အကွာရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ထိန်းချုပ်ထားကြောင်း သိရသည်။

အခြားတစ်ဘက်တွင် အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော ပဲခူး၊ မကွေးနှင့် ဧရာဝတီ တိုင်းတို့တွင်လည်း စစ်ကောင်စီက လူလှိုင်းလုံး စစ်ဆင်ရေးအပြင် လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး မင်းဘူး- အမ်းတောင်ကြားနှင့် ပန်းတောင်- တောင်ကုတ်လမ်းတို့မှလည်း ရခိုင်ပြည်သို့ ထိုးဖောက်ရန် ကြိုးပမ်းနေသည်။

“အခုတလော ပဲခူးနဲ့ မကွေးဘက်မှာ စစ်ကောင်စီဘက်က ပိုပြီးအင်အားသုံးလာတယ်။ တက်လာတဲ့ စစ်ကြောင်းတွေ သေဆုံးမှုအများအပြားနဲ့ တပ်လန့်ထွက်ပြေးတာတွေရှိပေမယ့် သိပ်မကြာဘူး။ နောက်ထပ် စစ်ကြောင်းနဲ့ ထိုးစစ်ဆင်တယ်။ အဓိကတော့ အမ်းနဲ့ တောင်ကုတ်ဘက်ကို မရမက ထိုးဖောက်နေတာလို့ ယူဆရတယ်” ဟု မကွေးတိုင်းရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

စစ်ကောင်စီသည် အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့ကို ပြန်လည်ထိန်းချုပ်၍ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသောကြောင့် ယင်းဒေသမှ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ကိုယ့်ဒေသကို ဝင်ရောက်နေထိုင်ကြရန် ပြီးခဲ့သည် စက်တင်ဘာလအတွင်းက ညွန်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ၎င်းရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းများကို ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၎င်းလွှတ်ထားရသည့် မြို့များကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်များ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

“တိုက်ပွဲဖြစ်နေတဲ့ နေရာစုံကို အားဖြည့်တဲ့ အနေအထားကို တွေ့ရတယ်။ ရွေးကောက်ပွဲ မတိုင်ခင် နေရာပေါင်းစုံကို တိုက်စစ်အရှိန်မြှင့်မယ့် သဘောပါပဲ။ အထင်ကြီးစရာ မဟုတ်ပေမယ့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ လျှော့မတွက်ဖို့တော့ လိုပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က DMG ကို ပြောဆိုထားသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း ရခိုင်ဒေသနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင် မြို့ပေါင်း ၁၀၀ နီးပါးအထိ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထိန်းချုပ်နယ်မြေများ လက်လွှတ်လာရသည့် စစ်ကောင်စီသည် ပြီးခဲ့ ၂၀၂၄ မေလမှ စ၍ အမှတ်စဉ် တစ်ခုလျှင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် စစ်မှုထမ်းထမ်း တပ်သားသစ်များ စုဆောင်း၍ ရှေ့တန်းစစ်မျက်နှာကို စေလွှတ်လျက်ရှိသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သော၊ ကျောက်မဲ၊ မိုးဗြဲနှင့် နောင်ချို၊ သပိတ်ကျင်း၊ ကောလင်း၊ ကနီ၊ လားရှိုး၊ ဆီဆိုင်နှင့် မြဝတီ မြို့များကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ထားပြီး အခြား ဆုံးရှုံးနယ်မြေများကိုပါ ထိုးစစ်အရှိန်မြှင့်တင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...