ရခိုင်က စစ်ဘေးရှောင် ကလေးငယ် တစ်ထောင်ခန့် ပညာသင်ကြားခွင့် ဆုံးရှုံးရမည့်အရေးနှင့် ကြုံနေ

ရခိုင်က စစ်ဘေးရှောင် ကလေးငယ် တစ်ထောင်ခန့် ပညာသင်ကြားခွင့် ဆုံးရှုံးရမည့်အရေးနှင့် ကြုံနေ

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်မှ အခမဲ့ပညာသင်ကျောင်းတွင် စာသင်ကြားနေကြသည့် စစ်ဘေးရှောင်ကလေးငယ် တစ်ထောင်နီးပါးမှာ ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးရမည့်အရေးနှင့် ကြုံနေရကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အခမဲ့ပညာသင်ကြားရေးကျောင်းများ ဖွင့်လှစ်ထားပြီး အမ်းမြို့နယ်တွင် နှစ်ကျောင်းနှင့် ကျောက်တော်မြို့နယ်တွင် သုံးကျောင်း ရှိသည်။

အဆိုပါကျောင်းများတွင် KG တန်းမှ Grade - 8 အထိ ကျောင်းသား/သူ ၁,၀၀၀ နီးပါး ရှိပြီး ငွေကြေး အခက်အခဲများ ရှိနေကာ အကူအညီမရရှိပါက ယခုလကုန်ပိုင်းတွင် ကျောင်းပိတ်သိမ်းရနိုင်သည့် အခြေအနေရှိနေပြီဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

"လက်ရှိမှာတော့ ကျနော်တို့ ဆက်ပြီးတော့ ပညာသင်ပေးနေတယ်။ ဒါပေမဲ့ နောက်လဆိုရင်တော့ ကျောင်းကို ဆက်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဆရာ/ဆရာမတွေကိုလည်း ကျနော်တို့ ထောက်ပံ့ကြေး မပေးရသေးတာတွေ အများကြီး၊ ကျနော်တို့အနေနဲ့ ကျောင်းလည်ပတ်ဖို့ ကုန်ကျစရိတ်အတွက် အလှူငွေ လုံးဝမဝင်တော့ လိုက်မမီဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။

ကျောင်းလည်ပတ်နိုင်ရေးအတွက် လစဉ် ငွေကျပ် သိန်း ၇၀ ဝန်းကျင် ကုန်ကျမှုရှိပြီး ပြီးခဲ့သည့်လများပင် ကျောင်းဆက်လက်လည်ပတ်ရန် အခက်အခဲများရှိနေခြင်းဖြစ်ကာ လက်ရှိတွင် အကူအညီရရှိမှုအလွန်နည်း ပါးလာသဖြင့် ကျောင်းပိတ်သိမ်းရမည့်အခြေအနေတိ ရောက်ရှိလာခြင်းဟု သိရသည်။

ရခိုင်ဒေသအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကြားရင်ဆိုင်နေရချိန် အခမဲ့ကျောင်းများသာ ပိတ်သိမ်းမှုဖြစ်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

"သူများနေရာမှာ အလုပ်အကိုင်အတည်တကျမရှိဘဲ သားသမီးကို စာသင်ပေးရတာတော့ မလွယ်ဘူး။ စားဝတ်နေရေး မပြေလည်လို့ ထွက်တောင်းနေရတဲ့ ကလေးတွေ အများကြီးပဲ။ ကျောင်းစရိတ်ကလည်း ကြီးတယ်။ ဝင်ငွေနဲ့ စားစရိတ်၊ ကျောင်းလခတွေ တွက်လိုက်ရင် အကြွေးတင်တယ်" ဟု အမ်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနှစ် စာသင်ကျောင်းများဖွင့်လှစ်ပြီး ကလေးငယ်များ ပညာသင်ကြားနေကြသော်လည်း စစ်ဘေးရှောင်များနှင့် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များမှာ ပညာသင်ကြားခွင့်ရရှိရေး စိန်ခေါ်မှုများစွာရှိနေကြသည်။

ထို့ကြောင့် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရေးအတွက် လူမှုအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်များနှင့် ဆင်းရဲနွမ်းပါးသူများမှာ အနာဂတ်အတွက် အခမဲ့ ပညာသင်ကျောင်းများသာ အားကိုးနေရကြသည်။

ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက "အခမဲ့ ပညာသင်ပေးတဲ့ ကျောင်းပိတ်သိမ်းရတယ်ဆိုတာ သူတို့ (ကျောင်းသား) အတွက်တင်မဟုတ်ဘဲ အနာဂတ်ရခိုင်ပြည်အတွက်လည်း အများကြီး ဆုံးရှုံးနစ်နာမှုရှိတယ်။ အေအေ အနေနဲ့လည်း ဒီလို လုပ်ပေးနေတဲ့အဖွဲ့တွေကို အဆင်ပြေအောင် တစ်ခုခုလုပ်ပေးရင် ပိုကောင်းမယ်လို့ မြင်တယ်။ ပညာသင်ခွင့်အပြည့်အဝ မရနိုင်တဲ့ ဒီကာလမှာ ဒီလို အခမဲ့ကျောင်းတွေ အများကြီးရှိဖို့ လိုအပ်တယ်" ဟု ပြောသည်။

လက်ရှိ ရခိုင်မြို့သိမ်းတိုက်ပွဲမှာ နှစ်နှစ်နီးပါးကြာမြင့်လာနေပြီဖြစ်ကာ နေရပ်စွန့်ခွာနေရသူ စစ်ဘေးရှောင် ၆ သိန်းခန့်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုများစွာ ရှိနေကြရသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...