ဖရူဆိုမြို့နယ်က ထပ်ဆင့် တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေ

ဖရူဆိုမြို့နယ်က ထပ်ဆင့် တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေ
Photo credit - CJ
Photo credit - CJ

ပြီးခဲ့တဲ့ သြဂုတ်လ ကစလို့ စစ်ကော်မရှင်တပ်က ဖရူဆိုမြို့နယ်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတာနဲ့ စစ်ယာဉ်တန်း သွားလာလှုပ်ရှားနေတဲ့အပြင် လက်နက်ကြီးနဲ့ ဒရုန်းတွေကို အသုံးပြုကာ အရပ်သားရှိတဲ့ နေရာတွေကို ပစ်ခတ်နေတာကြောင့် ဖရူဆိုမြို့နယ်ထဲက လူထုတချို့ဟာ ရွေ့ပြောင်းနေထိုင်တာတွေ ပြုလုပ်ခဲ့ရပါတယ်။

အဲ့ဒီအထဲမှာ အိမ်ခြေ ၉၅ အိမ်နဲ့ လူဦးရေ ၄၀၀ ကျော်ရှိတဲ့ “ထျေးလျားမိုး” စစ်ဘေးရှောင်စခန်းလည်း ပါဝင် ပါတယ်။

ရွေ့ပြောင်းတာ နှစ်လကြာရှိနေပေမယ့် အရေးပေါ် ရွေ့ရတဲ့အတွက် အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို မသယ်ယူနိုင်တာ၊ ပြန်လည်သယ်ယူဖို့ အခက်အခဲရှိတာတွေကြောင့် စစ်ဘေးရှောင် ထက်ဝက်ကျော်က စားနပ်ရိက္ခာ အခက်အခဲနဲ့ အမိုးအကာ လိုအပ်နေကြပါတယ်။

“အခက်အခဲဆုံးက စားဖို့ သောက်ဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စားစရာက ရွာဖက်မှာပဲ အကုန်ချန်ထားလိုက်ရတာလေး။ ဘယ်လိုမှ ပြန်ယူလို့မရတော့ဘူး။ သိပ်မပါလာတဲ့ လူတွေက ခုဆို လိုအပ်နေပြီ အဓိက ဆန်ပေါ့” လို့ စစ်ဘေးရှောင်စခန်း ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျိုဝါးနာက ပြောပါတယ်။

ထပ်ဆင့်ရွေ့ပြောင်းရကတည်းက အခက်အခဲတွေကြောင့် တဲအိမ် မဆောက်လုပ်နိုင်သေးတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၇ စုအတွက်လည်း အမိုးအကာ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးပညာရေး မထိခိုက်အောင် စစ်ရှောင်စခန်းက တဲအိမ်တွေမှာပဲ စာသင်ကြားရတာကြောင့် စာသင်ကျောင်းဆောင် လိုအပ်နေတယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ခုက စာသင်ဆောင်မရှိတော့ သူများတဲအိမ်မှာပဲ စာသင်ရတာပေါ့။ ထိုင်ခုံမရှိ စားပွဲမရှိဆိုတော့ ကြုံသလိုပဲ စာရေးရတာပေါ့။ဆရာမတွေလည်း စာသင်တာ အဆင်မပြေဘူး။ ယာယီပဲဆိုတော့ ဒီလိုပဲ ခဏသင်လိုက်မယ်၊ မဟုတ်ရင် ကလေးတွေက ပညာရေး တအားဆုံးရှုံးသွားမှာ စိုးရိမ်တယ်” လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် စပါးခင်းနဲ့ သီးနှံစိုက်ခင်းတချို့ကို ယခုလအတွင်း ရိတ်သိမ်းဖို့ရှိပေမယ့် လုံခြုံရေးအခြေအနေအရ ရိတ်သိမ်းဖို့ အဆင်မပြေသေးတာကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ထပ်မံတိမ်းရှောင်ကြတဲ့ နေရာဟာ တောတောင်ထဲမှာဖြစ်တဲ့အပြင် မိုးတွင်းကာလမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့ရတာကြောင့် နေရာထိုင်ခင်း အဆင်မပြေဘူးလို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...