ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ပြန်ထိုးစစ်ဆင်၊ မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာ

ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ပြန်ထိုးစစ်ဆင်၊ မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာ

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေပြီး နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်မြေခံ SNA တပ်သားတွေ ပူးပေါင်းပြီးတော့ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေဟာ သိမ်းပိုက်ထိန်းချုပ်ပြီးသား ဗန်းမောက်မြို့ကပ်လျှက်က ခမိုးရွာနဲ့ စက်တောရွာတွေကနေ နောက်ဆုတ်ထားရပြီး အဲ့ဒီကျေးရွာတွေ အနီးတစ်ဝိုက်မှာဘဲ တိုက်ပွဲကလည်း ပြင်းထန်နေတာလို့ ပြောပါတယ်။

“၄၊ ၅ ရက်နေ့ကစလို့ အသံတွေ ပြန်ကြားလာရတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာတွေ ရှိလာတယ်။ အဓိကကတော့ ဟုမ္မလင်းဘက်က စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေနဲ့ SNA တွေပေါင်းပြီး ဗန်းမောက်မြို့ကို ပြန်ပြီး ထိုးစစ်ဆင်လာတာ။ မြို့ထဲထိတော့ တိုက်ပွဲမဖြစ်သေးဘူး။ စက်တော်ဘက်မှာဘဲ ဖြစ်နေကြတာ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်စစ်ကြောင်းဟာ ဗန်းမောက်မြို့နဲ့ ၅ မိုင်အကွာကို ရောက်ရှိ‌လာတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က နောက်ဆုတ်ထားရတဲ့အခြေနေလို့ ပြောပါတယ်။ စစ်ကောင်စီ

ပူးပေါင်းတပ်ဘက်ဟာ ဒီထိုးစစ်မှာ အင်အားအလုံးအရင်းအသုံးပြုတဲ့အပြင် မနေ့က အောက်တိုဘာလ ၅ ရက်နေ့ ၂ နာရီ ဝန်းကျင်လောက်မှာတော့ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဘက်ကအင်အားအရမ်းများတယ်။ အရင်ကတော့ SNA ဘဲရှိနေတာ။ အခုက တပ်မ ၃၃ စစ်ကူ စစ်ကြောင်းလာတာ။ သူတို့ကအင်အားစုဖွဲ့ပြီး ထိုးစစ်ဆင်လာတဲ့သဘောပေါ့။ ကိုယ့်ဘက်က မြို့ပြင်က တချို့ရွာတွေအထိ စစ်ကြောင်းရောက်ပြီး ပြန်ဆုတ်ထားရတဲ့သဘောပေါ့” လို့ စစ်ရေးအခြေနေကို အထက်ပါစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေရဲ့ထိခိုက်မှုအခြေနေတွေကိုတော့ အသေးစိတ်မသိရသေးကြောင်းနဲ့ တစ်ဖက်မှာ ဗန်းမောက်မြို့ အနောက်ခြမ်းမှာနေထိုင်တဲ့ဒေသခံတွေကတော့ တိုက်ပွဲနဲ့ လွတ်ရာ တောတောင်နဲ့ ကျေးရွာတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး အင်အားစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထားကြတာဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် တစ်ဆက်တည်းမှာလည်း ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ခြမ်းတွေကို တော်လှန်ရေးအင်အားစုတွေ ဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပြီး ကျေးရွာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေက နေရာတချို့ကနေ ဆုတ်ခွာထားရတဲ့ အနေအထားဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မော်လူး၊ ပင်လည်ဘူး စတဲ့မြို့တွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာဆိုရင် ဧရာဝတီမြစ်ကြောင်းပေါ်က ထီးချိုင့်မြို့နဲ့ကသာမြို့တို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...