ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်းရှိ ကျေးရွာများဘက်ကို စိုးမိုးထိန်းချုပ်နိုင်ရန် စစ်ကြောင်း ထိုးလာသည့် အာဏာသိမ်း စစ်တပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း မြေပြင်သတင်းအရင်း အမြစ်များက ပြောသည်။
အာဏာသိမ်း စစ်တပ်နှင့် ဗိုလ်မြတ်ခိုင် ဦးဆောင်သည့် ၁၀၁၆ တပ်ရင်းတို့သည် စစ်ကြောင်း ၃ ကြောင်းဖြင့် စက် တင်ဘာ ၂၆ ရက်မှ စတင်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ထိုသို့ ထိုးစစ်ဆင်ရာတွင် ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုကြောင့် စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းတွင် အံဖကြီးကျေးရွာသား လင်မယားနှစ်ဦး ကျည်အစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်နှင့် KNLA မဟာမိတ် တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။
"မနေ့က ကမိုင်ကုန်းကို စဝင်တော့ တိုက်ပွဲဖြစ်တယ်။ ညပိုင်းမှာ ပိုပစ်လာတယ်။ အံကလော်၊ မိကသိမ်ကုန်း၊ အံဖကြီးဖက်အထိ စစ်ကြောင်း ၃ ကြောင်း BGF နဲ့ ပေါင်းပြီး လာနေတယ်၊ ရွာသားတွေ လက်နက်ကြီး ထိတယ်။ သေတာမျိုးတော့ မရှိသေးဘူး" ဟု ရှေ့တန်း KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် စစ်တပ်နှင့် BGF တပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းများသည် ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကမိုင်ကုန်း၊ ကြောင်လျှာကုန်း၊ ရွာသစ်ကုန်း ကျေးရွာများဘက်တွင်လည်း နယ်မြေ ထိန်းချုပ်တပ်စွဲရန် အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံရောက်ရှိနေကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
"စစ်တပ်နဲ့ BGF တွေ အာရှလမ်းဖွင့်ဖို့ကို ရွာတွေဘက်ကနေပြီး ကရင်အဖွဲ့၊ PDF အဖွဲ့တွေ မနှောင့်ယှက်အောင် ရွာတွေကို အထိုင်ပြန်ချဖို့လုပ်လာတာပါနော်။ ရွာသားတွေကို BGF ကရင်တွေက ဘယ်မှ စစ်မရှောင်ဖို့၊ သူတို့စား စရာပေးမယ်။ လိုအပ်တာပြော၊ စစ်တပ်ကို တိုက်တဲ့အဖွဲ့တွေ ရွာကို အလာမခံဖို့ ပြောတယ်လေ" ဟု အမည်မဖော်လိုသူ ကော့ကရိတ်တောင်ပိုင်း ကျေးရွာသား တစ်ဦးက ပြောသည်။
ကော့ကရိတ်တောင်ပိုင်း ကျေးရွာများဘက် ပြန်လည် စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးရာတွင် BGF တပ်ဖွဲ့ဝင်များ ပါဝင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။ (BGF)၊ အမှတ် (၂) စစ်ဒေသ၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းကမူ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲ ဖြစ်စဉ်များတွင် အာဏာသိမ်းစစ်တပ်ကို အများပြောဆိုနေသလို ကူညီပေးခြင်းမရှိဟု ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ကေအိုင်စီသို့ ပြောဆိုထားသည်။
လတ်တလောတွင် မြဝတီ-ကော့ကရိတ်အာရှလမ်းမသစ် လမ်းပိုင်းကို အာဏာသိမ်း စစ်တပ်၊ ဗိုလ်ဘိ ဦးဆောင်သော DKBA အဖွဲ့နှင့် BGF တပ်များ လမ်းလုံခြုံရေး တည်ငြိမ်မှုရှိစေရန် လုပ်ဆောင်လျက်ရှိပြီး လမ်းအား လာမည့်အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်သွားလာနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ မြဝတီ တောင်ပိုင်းရှိ လေးကေကော်ဒေသကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် စက်တင် ဘာလလယ်ပိုင်းမှစတင်၍ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်သလို မြေပြင်စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လျက်ရှိသည်။







