ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ

ကျောက်မဲ၊ သီပေါစစ်ရှောင် ၁ သောင်းကျော် စားနပ်ရိက္ခာပြတ်လပ်၊ အရေးပေါ်အကူအညီ လိုအပ်နေ
Photo credit - ဒေသခံ
Photo credit - ဒေသခံ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်နှင့် သီပေါ၊ လားရှိုးမြို့ဘက် တစ်လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်တာ တစ်လကျော်ပြီဆိုတော့ စားစရာလည်း ပြတ်ခါနီး ဖြစ်နေပြီ၊ လမ်းပိတ်ထားတော့ ဆန်လည်း ဝယ်ရခက်တယ်။ စစ်ရှောင်က တစ်သောင်းနား ကပ်နေတော့ ရိက္ခာအကူအညီ တော်တော်လေး လိုအပ်နေတယ်။ စစ်ဘေးရှောင်က ရွာတွေတိုင်းကို ပြည့်နေတာပဲ၊ နားအိုက်ခန့်တို့ စခန်းသာတို့လည်း ပြေးလာတာတွေကော ပြန်တိုးလာသေးတယ်”ဟု နောင်ပိန်စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်စခန်း ၄၀ ကျော်တွင် ပြည်သူပေါင်း (၉၀၀၀) ကျော် တစ်လနီးပါး ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ တောင်ယာတဲများတွင် ခိုလှုံနေသူ (၅၀၀) နီးပါးခန့်ရှိကြောင်း စာရင်းသိရပြီး ၎င်းစစ်ဘေးရှောင်များအတွက် ပုံဝိုးတိုက်နယ် သံဃာတော်များမှ ဦးဆောင်၍ အကူအညီ လက်ခံရရှိရေး ဆောင်ရွက်ပေးနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် နောင်ပိန်နှင့် အနီးပတ်ဝန်းကျင် ရွာများကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်ထားပြီးနောက် တစ်လနီးပါး ကြာသည်အထိ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးဘဲ နေအိမ်အများစုမှာ ဖောက်ထွင်းခိုးယူခံရခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“နောင်ပိန်ရွာထဲကတော့ မဝင်နေလို့ မရသေးဘူး၊ ကျောက်မဲရတဲ့အထိ ဆိုရင်တော့ ကြာဦးမယ်ထင်တယ်။ ရွာထဲ အိမ်ပြန်ကြည့်တာလည်း အကုန်လုံးနီးပါး ဖောက်ထွင်းခံထားရတယ်၊ အဝတ်အစားလောက်ပဲ ယူလာလို့ ရတယ်။ တချို့အိမ်ဆိုရင်လည်း ဆိုင်ကယ်တွေ ဆက်တီခုံတွေ အကုန်ခိုးခံရတာ။ လုပ်ပါရဲစခန်းမှာ စစ်သားတွေ စောင့်နေတာ”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သီပေါမြို့နယ်အတွင်း ဆွတ်လန်း၊ နောင်အန်း၊ ခိုလုံ၊ ပန်စောက်မိန်း၊ မြို့ဟောင်းနှင့် နောင်အိမ် စသည့် ရပ်ကွက်/ကျေးရွာများရှိ စစ်ရှောင်စခန်း (၉) နေရာတွင် နောင်ပိန်၊ ကျောက်မဲဘက်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက်လည်း ကူညီထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှ စစ်ဘေးရှောင်နှစ်ဦးသည် ရိက္ခာပြတ်လပ်မှုကြောင့် ရွာထဲသို့ အရဲစွန့်ပြီး ပစ္စည်းပြန်ယူနေစဉ် တောလမ်းတစ်နေရာ၌ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း နောင်ပိန်စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် နောင်ပိန်ရွာထဲ တပ်စွဲထားသည့် စစ်ကော်မရှင်လက်အောက်ခံ တပ်မ-၁၁ သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာရွာဘက်သို့ မြေပြင်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်လျက် ရှိကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...