စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ အသက် ၁၄ နှစ်အရွယ် ကလေးအပါအဝင် လွိုင်ကော်နှင့် ရန်ကုမှ ဒေသခံ ကိုးဦးကို ဖမ်းဆီးကာ တရားစွဲဆိုထားကြောင်း ယနေ့ (စက်တင်ဘာ ၂၃ ရက်) ထုတ် သတင်းစာတွင် ဖော်ပြသည်။
ရွေးကောက်ပွဲပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း တို့ကို လုပ်ဆောင်ခဲ့သောကြောင့်ဟု ဆိုသည်။
ကရင်နီပြည်နယ် လွိုင်ကော်မှ အသက်မပြည့်သေးသည့် ထွန်းနေဦးလှိုင်(၁၄ နှစ်) ၊ ဖြိုးပိုင်ဇေအောင်(၁၆ နှစ်)၊ အောင်နိုင်လင်း (၁၇ နှစ်) တို့နှင့် ပိုင်ပိုင်စိုး၊ ဟန်ထွန်းအောင်၊ ရန်ကုန် ရွှေပြည်သာမြို့နယ်မှ ရဲသူရအောင်၊ ကျော်ဝဏ္ဏ၊ ချစ်ဝင်း နှင့် ပြေထွန်း တို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လွိုင်ကော်မှ ဖမ်းဆီးခံသူ ငါးဦးကို လွိုင်ကော်မြို့မ ရဲစခန်း၊ ရန်ကုန်မှ အဖမ်းခံရသူ လေးဦးကို ရွှေပြည်သာ မြို့မရဲစခန်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်ထားသည်။
ရန်ကုန်မြို့နေ အမျိုးသမီးတဦးက “ရွေးကောက်ပွဲက တရားမျှတမှုမရှိတာ တိုင်းသိပြည်သိ တလောကလုံး အသိပဲကို ဒါက မတရားဘူးဆိုတာလည်းသိနေပေမယ့် ပေါ်တင် မပြောရဲဘူး၊ သူတို့လက်ခုပ်ထဲကရေဖြစ်နေတော့ အကုန်ကြောက်ရတယ်လေ။ သူတို့ဖြစ်စေချင်တာလည်း ဒီလိုပဲနေမှာပေါ့” ဟု ပြောသည်။
စစ်ကော်မရှင်က ဇူလိုင်လကုန်ပိုင်းတွင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေပုဒ်မ ၂၃ (က) သည် ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။ အဆိုပါ ဥပဒေတွင် ရွေးကောက်ပွဲ ပျက်ပြားစေရန် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ရန် ပြဋ္ဌာန်းထားသည့်အပြင် လူသေဆုံးမှုဖြစ်စေပါက သေဒဏ်အထိ ချမှတ်နိုင်ရန် ရေးဆွဲထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း စစ်ကော်မရှင်၏ရွေးကောက်ပွဲကို ဝေဖန်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှ ကိုနေသွေးကိုလည်း ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ် ချမှတ်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့ထုတ်သတင်းစာများတွင် ဖော်ပြခဲ့သည်။
စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်တင်ဘာလ ၂ ရက်နေ့အထိ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အရေးယူခဲ့မှု သုံးမှုရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြောဆိုထားသည်။







