နတ်ရေကန်တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA တန်ပြန်စစ်အောက်မှာ အထိနာ

နတ်ရေကန်တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA တန်ပြန်စစ်အောက်မှာ အထိနာ
photo credit - AA
photo credit - AA

ရခိုင်-မကွေးအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း - ပဒါန်းလမ်း ရိုးမတောင်ပေါ်ရှိ လက်လွှတ်ထား ရသည့် ကာကင်းစခန်းများကို ပြန်လည်ရရှိရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲနေ့စဉ်ပြင်းထန်နေကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာကုန်းကို အကာယူပြီး တပ်ရင်း ၁၀ ရင်း အင်အား ၁,၄၀၀ ခန့်ဖြင့် ဗျူဟာသုံးခုခွဲကာ ထိုးဖောက်နေခြင်းဖြစ်ပြီး AA ၏ တန်ပြန်စစ်ကြောင့် အထိနာကာ အကျအဆုံးများနှင့် ရင်ဆိုင်နေရသည်။

AA နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "သူတို့စစ်မျက်နှာ ပိုပြီး ကျဉ်းလာတဲ့အတွက် ဆုံးရှုံးထားတဲ့နေရာတွေကို ပြန်ပြီး ထိုးစစ်ဆင်တာပါ။ နတ်ရေကန်သာ ကျသွားရင် ကပစ - ၁၄ အတွက် စိုးရိမ်စရာဖြစ်မှာကြောင့်လည်း ပါတယ်" ဟု ပြောသည်။

လက်ရှိ AA ၏ တန်ပြန်စစ်ကြောင့် ကပစ (၁၇) မှ စစ်ကောင်စီတပ်သား ၁,၄၀၀ ခန့်အနက် ၁,၀၀၀ ခန့်သာရှိပြီး တပ်ဖွဲ့ဝင်များ ပျောက်ဆုံးမှု၊ ထွက်ပြေးမှု၊ ဖမ်းဆီးခံရမှုစသဖြင့် မြေပြင်တွင် မရိုမရဲ ဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ထိုသို့ အခြေအနေများရှိနေသော်လည်း စစ်ကောင်စီသည် ဗျူဟာမျိုးစုံသုံးကာ ထိုးစစ်ဆင်လျက် ရှိနေပြီး လေကြောင်း၊ လက်နက်ကြီးပစ်ကူများကိုလည်း အပြည့်အဝ ရယူတိုက်ခိုက်နေကြောင်း သိရသည်။

ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက "ဒီစစ်မျက်နှာပြင်ဟာ နတ်ရေကန်စခန်းထက် ပိုပြီး စစ်ကောင်စီအတွက် အရေးပါတယ်။ ကျနော်မြင်တာက ရွေးကောက်ပွဲနဲ့ ဆက်စပ်လို့ ပြောချင်ပါတယ်။ စစ်ကောင်စီဟာ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမှာ ရွေးကောက်ပွဲ ပြန်လုပ်လိုတဲ့ ဆန္ဒပြင်းပြနေတာ မြင်ရတယ်။ ဒါကြောင့် ဒီလမ်းကြောင်းကနေ အမ်းသို့ ဝင်လို့ ရမလား။ မျှော်လင့်ချက်ရှိတယ်။ ရိုးမတောင်ကနေ ရခိုင်ပြည်မထဲကို ဝင်ဖို့ ကြိုးစားနေတာလို့လည်း ပြောရမှာပေါ့" ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့သည် ယခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ အမ်း -ပဒါန်း လမ်းပိုင်းကို ပိတ်ဆို့ဖြတ်တောက်ပြီး နတ်ရေကန်ဗျူဟာကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ရိုးမ တကြောရှိ စစ်ကောင်စီ ကာကင်းစခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်သည်။

လက်ရှိ စစ်ကောင်စီသည် တစ်ခုတည်းတည်ကျန်နေခဲ့သော စစ်ရေးအရလွန်စွာအရေးပါသော နတ်ရေကန်ဗျူဟာကုန်းကြီးမကျရေး သာလွန်အင်အားသုံးကာ ဝေဟင်၊ မြေပြင်လက်နက်ကြီးများဖြင့် မီးကုန်ယမ်းကုန် ခုခံနေသည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...