သရက်ချောင်း၊ ရန်တောင်ရွာမှာ မီးရှို့သွားသည့် စစ်အုပ်စုက ဒေသခံများကိုခြိမ်းခြောက်

သရက်ချောင်း၊ ရန်တောင်ရွာမှာ မီးရှို့သွားသည့် စစ်အုပ်စုက ဒေသခံများကိုခြိမ်းခြောက်
Photo Credit - DDMSC
Photo Credit - DDMSC

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားသည့် စစ်ကောင်စီအုပ်စုက ယမန်နေ့ စက်တင်ဘာ(၂၀)ရက်နေ့မှ လက်ရှိအထိ ရွာ၌ ပြန်လည်တပ်စွဲထားပြီး လူနေသူမရှိသည့်နေအိမ်များကို ထပ်မံမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသတွင်းနီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။

စက်တင်ဘာ ပထမအပတ်က ရန်တောင်ကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရန်တောင်ရွာနှင့်သင်းကျွန်းရွာတို့မှ အရပ်သားပြည်သူပိုင် နေအိမ်စုစုပေါင်း (၄၀)လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံရသည့်နေအိမ်များတွင် စစ်ကောင်စီကြောက်လန့်ပြီး ယာယီနေရပ်ရှောင်တိမ်းကြသူတို့၏ နေအိမ်များ ပါဝင်သလို လူရှိ‌နေစဥ် မီးရှို့ခံလိုက်ရသည့် နေအိမ်များလည်း ပါဝင်သည်ဟု ဒေသခံတို့ကဆိုသည်။

“အင်အား ၂၀၀ လောက်ရှိမယ်။ အဲဒီစစ်‌ကြောင်းက အခုရန်တောင်ကို ပြန်ဝင်ပြီးနေရာယူထားတယ်။ ပြီးတော့ အိမ်‌တွေမှာလူရှိမနေရင် မီးရှို့ဦးမှာဆိုပြီးခြိမ်းခြောက်လို့ ရွာသားတွေကကြောက်ကြောက်နဲ့‌ နေနေရတယ်။ အရင်တစ်‌ခေါက်ကလည်း လူရှိပေမယ့် ပြန်မထူးလို့ဆိုပြီး ရှို့တဲ့အိမ်ရှို့ခံရတယ်” ဟု ရွာနှင့်နီးစပ်သည့်ဒေသခံက ကေအိုင်စီကိုပြောသည်။

စက်တင်ဘာ (၇)ရက်နေ့က ရန်‌တောင်ရွာမှနေအိမ် ၃၁ လုံး၊ သင်းကျွန်းရွာမှ နေအိမ် ၉ လုံး မီးရှို့ခံခဲ့ရပြီး ဒေသခံများမှာ မိမိတို့ပြာကျသွားသော အိမ်နံဘေး ယာယီဝါးတဲများဆောက်ကာ လတ်တလော နေထိုင်ရေးဖြေရှင်းနေရကြောင်းလည်း သွားရောက်အကူအညီ‌ပေးခဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ-DDMSC ထံမှ သိရသည်။

အိမ်များမီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီက သရက်ချောင်းမြို့နယ်ရှိ အခြားကျေးရွာများဘက်သို့ စစ်ကြောင်းဆက်လက်ထိုးသွားသည်။ ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်အပါအဝင် ထားဝယ်နှင့်လောင်းလုံးမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းသို့ စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးဝင်စဥ် အရပ်သားနေအိမ်မီးရှို့ဖျက်ဆီးမှုများ မကြာခဏဖြစ်ပွားနေပြီး အာဏာသိမ်းထားသည့်ကာလအတွင်း နေအိမ်ပေါင်း ၁သောင်း၈ထောင်ကျော် မီးရှို့ခံခဲ့ရပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို မှတ်တမ်းပြုဖော်ပြနေသည့် FE5 တနင်္သာရီအဖွဲ့၏ ဇွန်လ ၂၀၂၅ အစီရင်ခံစာတွင် ဖော်ပြသည်။

March 16, 2026
မောင်ကျော်စွာ — (၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်) လာမယ့် မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ “...
Photo - KIC
March 16, 2026
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအပြင် မြစ်ကြောင်းတစ်လျှောက်...
March 13, 2026
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး...
Photo: CJ
March 12, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့...