ရခိုင်ဒေသအတွင်း ခြင်ပေါက်ဖွားမှုနှုန်း မြင့်တက်လာနေပြီး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ ဖြစ်ပွားမှုမှာလည်း တိုးပွားလာနိုင်စေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က သိပေးထားသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ အသုံးပြု တိုက်ခိုက်မှုတို့ကြောင့် အိမ်၊ အဆောက်အအုံများ ပျက်စီး၊ စွန့်ပစ်ထားရပြီး ထိုနေရာများ၌ ခြုံနွယ်ထူထပ်လာခြင်းကာ ခြင်ပေါက်ဖွားနှုန်း မြင့်တက်လာသည်ဟု HDCO ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တဖက်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေပြီး စခန်းအတွင်း လူနေထူထပ်လာမှုတို့ကြောင့်လည်း ခြင်ပေါက်ပွားနှုန်း မြင့်တက်လာနေ၍ ကူးစက်ရောဂါအန္တရာယ်မှာ စိုးရိမ်စရာဖြစ်နေသည်။
ရခိုင်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက "စစ်ရှောင်စခန်းတွေမှာ ရေစီးရေလာ မကောင်းတာ၊ နောက်ပြီး ကွင်းပြင်နဲ့ တောင်တွေထဲနေရတဲ့ စစ်ရှောင်တွေဆိုရင် ပိုပြီး ခြင်ပေါက်ပွားနှုန်း မြင့်တဲ့နေရာမှာ ရှိတဲ့ အခြေအနေ ဖြစ်တာကြောင့် ပိုပြီး ကြိုတင်ကာကွယ်ဖို့ လိုတယ်။ မဟုတ်ရင် ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးတို့ ငှက်ဖျားတို့ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့သည့် ရခိုင်တိုက်ပွဲမှာ လက်ရှိ နှစ်နှစ်နီးပါးရှိလာနေပြီး စစ်ရေးကြောင့် နေရပ်စွန့်ခွာသူဦးရေမှာ ၆ သိန်းနီးပါးအထိ ရှိနေကြောင်း HDCO စာရင်းအရ သိရသည်။
ယင်းထဲမှ အချို့စစ်ဘေးရှောင်များမှာ တောတောင်၊ လယ်ကွင်းပြင်၊ စားကျက်မြေစသည့် နေရာများတွင် ယာယီတီများထိုးကာ နေထိုင်နေရသဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေကြသည်။
စားဝတ်နေရေး အကျပ်အတည်းများအပြင် ကူးစက်ရောဂါအန္တရာယ် ရင်ဆိုင်နေရပြီး ဆေးဝါး ရှားပါးမှုတို့ကြောင့်လည်း ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေရကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။
"စစ်ရှောင်ကြတော့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ယူလာလို့ မရတဲ့အခြေအနေဆိုတော့ ခြင်ထောင်တို့ စောင်တို့လည်း မပါကြဘူး။ တချို့ဆို ကွင်းပြင်ထဲ ယာယီတဲဆောက်ပြီး ဖြစ်သလို အိပ်ရတဲ့သူတွေလည်း ရှိတယ်။ ခြင်ထောင်တွေဘာတွေ မရှိလို့ ရောဂါဖြစ်မှာကို စိုးရိမ်ကြတယ်။ အထူးသဖြင့် ကလေးတွေအတွက်ပေါ့။ ဖြစ်လာရင် သူတို့ မကုနိုင်မှာကို စိုးရိမ်ကြတယ်" ဟု ကျောက်ဖြူမြို့နယ် လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ HDCO မှ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အပါအဝင် အခြားသော ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မုတ်သုံရာသီအတွင်း ခြင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကိုကာကွယ်ရန် ကျန်းမာရေးဆိုင်ရာ စီမံကိန်းတစ်ခုကို လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
ထို စီမံကိန်းအစိတ်အပိုင်းတစ်ခုအဖြစ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်းနှင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ်များမှ စစ်ဘေးရှောင်နှင့် ဒေသခံ စုစုပေါင်း အိမ်ထောင်စု (၄,၈၅၁) စု၊ လူဦးရေ (၂၃,၂၈၆) ဦးအတွက် ခြင်ထောင် (၆,၈၅၀) လုံး ထောက်ပံ့ခဲ့ကြောင်း သိရသည်။







