တိမ်းရှောင်နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေ နေ့စားအလုပ်ကနေ ဝမ်းရေးဖြေရှင်းနေကြ

တိမ်းရှောင်နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေ နေ့စားအလုပ်ကနေ ဝမ်းရေးဖြေရှင်းနေကြ

စစ်ဘေးရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်ရှိနေဆဲဖြစ်တဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ ရရာအလုပ်ကို လုပ်ကိုင်ကြပြီး နေ့စဉ် ဝမ်းရေး ဖြေရှင်းနေကြရပါတယ်။ ယခု စက်တင်ဘာလဟာ ပြောင်းရိတ်သိမ်းချိန်ဖြစ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက စစ်ဘေးရှောင်တချို့ကတော့ ရိတ်သိမ်းထားတဲ့ ပြောင်းဖူးကိုနေလှန်းပြီး တစ်အိတ်ကို သုံးထောင်ကျပ်နှုန်းနဲ့ အလုပ်ရှင်ထံက ငွေကြေးယူပြီး လုပ်ကိုင်နေကြရသူလည်း ရှိပါတယ်။

“ပေးတာက နေ့စားနဲ့ သူတို့ မပေးဘူး။ အိတ်လိုက်ပေးတာ။ တအိတ်ကို ခြောက်တဲ့အထိပေါ့ တအိတ်ကို သုံးထောင် ကိုယ့်မိုးကာနဲ့ကိုယ် ကိုယ်စရိတ်နဲ့ ကိုယ်” လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးကပြောပါတယ်။

ရာသီဥတုပေါ်မူတည်ပြီး နေသာတဲ့နေ့တွေမှာ တစ်နေ့ကို ၃ အိတ်ကနေ ၅ အိတ်အထိ ရတာကြောင့် လုပ်အားခ တစ်သောင်းကျော်အထိ ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။ မိသားစုဝမ်းရေးအတွက် ဖူလုံမှုမရှိပေမယ့် အလုပ်အကိုင်ရှားပါးတာကြောင့် ရရာအလုပ်ကို စစ်ဘေးရှောင်တွေက ရှာဖွေပြီး လုပ်ကိုင်နေရတာပါ။

စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ့် နေ့ရက်ကို ကြေညာပြီးနောက်ပိုင်း လူထုရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ကင်းထောက်တာ နေ့စဉ်ရှိနေတာကြောင့် လုံခြုံရေးအန္တရာယ်ကိုလည်း စိုးရိမ်မှုရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လေယာဥ်လာရင်တော့ သစ်‌ပင်အောက်မှာ ပုန်းတာတော့ရှိတာပေါ့။ ကြောက်နေရတယ်ကော။ လက်နက်ကြီးသံ တအားနီးလာလည်း ကြောက်နေရတယ်” လို့ သူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက လူထုတွေဟာ စားဝတ်နေရေးအတွက် စပါးနဲ့ ပြောင်းကို အဓိကထားစိုက်ပျိုးကြပါတယ်။ စစ်ဘေးရှောင်စခန်းမှာနေရင်း စိုက်ပျိုးရာသီရောက်ပါက မိမိတို့နေရပ်မှာ ပြန်လည် စိုက်ပျိုးကြတာပါ။ ပြောင်းကို ကုန်းသာ ကျေးရွာအုပ်စုတွေမှာ အများစု စိုက်ပျိုးကြပြီး လတ်တလော စစ်ကော်မရှင် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေဟာ ပြောင်းဖူးကို မရိတ်သိမ်းနိုင်ကြသူလည်း ရှိတယ်လို့ သိရပါတယ်။

March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...
March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...