နေအိမ်ဖောက်ထွင်းခံထားရမှုကြောင့် ရေဖြူဒေသခံများ ဆုံးရှုံးမှုများနေ

နေအိမ်ဖောက်ထွင်းခံထားရမှုကြောင့် ရေဖြူဒေသခံများ ဆုံးရှုံးမှုများနေ
Photo - CJ
Photo - CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေစဉ် နေအိမ်များကို စစ်ကော်မရှင်တပ်ဖွဲ့က ဖောက်ထွင်းမွှေ‌နှောက်ထားပြီး တန်ဖိုးရှိသည့်ပစ္စည်းများအားလုံး ယူဆောင်သွားခဲ့သဖြင့် ဆုံးရှုံးမှုများနေကြောင်း ရေဖြူဒေသခံများက ဆိုသည်။

ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်းခဲ့သည့် သြဂုတ်လဆန်းပိုင်းကစပြီး ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။

စစ်ဘေးရှောင်နေစဉ် မရမ်းချောင်း၊ သာယာမွန်၊ ရာဖူး၊ ကျွဲတလင်း စသည့် ကျေးရွာ ၄‌ ရွာမှ နေအိမ်အားလုံးနီးပါးကို စစ်ကော်မရှင်တပ်က ဖောက်ထွင်းထားခြင်းဖြစ်ပြီး စက်ပစ္စည်းအရောင်းဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်၊ နေအိမ်အတွင်းရှိ ဆိုင်ကယ်နှင့် အခြားတန်းဖိုးရှိသည့် ပစ္စည်းများကို ကားဖြင့် သယ်ယူဆောင်သွားခဲ့ကြောင်း ရေဖြူစစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“သူတို့ နေအိမ်ကို ဖောက်ပြီး မွှေနှောက်ထားတာ အိမ်မှာ ခြေနင်းချစရာနေရာတောင်မရှိဘူး။ ဆိုင်ကယ်ဆို အစီး ၂၀ ကျော်တယ် ယူသွားတာ။ ကျနော့်အိမ်ဆို ဆိုလာပြားတွေ ဘက်ထရီတွေကအစ စားစရာတောင်မကျန်ဘူး။ နေအိမ်တွေ အကုန်လုံးနီးပါးက ဖောက်ခံလိုက်ရတာပဲ။ ဆုံးရှုံးတဲ့အရေအတွက်ကတော့ အနည်းအများတော့ကွာတာပေါ့။ ရွာအစွန်းဘက်မှာရှိတဲ့ အိမ်ဆို ပိုဆိုးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်အတွင်းရှိ ပစ္စည်းများအပေါ်မူတည်၍ ဆုံးရှုံးမှုတန်ဖိုး ကွဲပြားသော်လည်း အိမ်တစ်အိမ်လျှင် အနည်းဆုံး သိန်းရာကျော်အထိ ဆုံးရှုံးမှု ရှိနေကြောင်းလည်း ဆိုသည်။

လက်ရှိတွင် တိုက်ပွဲအခြေအနေ အနည်းငယ်ငြိမ်သက်လာသဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာကြသည်ရှိသလို အခြေအနေစောင့်ကြည့်နေသူများလည်း ရှိကြောင်း ဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲကလဲ အခုတလော ငြိမ်နေတယ်ဆိုတော့ ရွာကိုပြန်လာတာ။ နောက်ပြီးတော့လဲ အိမ်အခြေအနေကိုလဲ ပြန်ကြည့်ချင်လို့ အိမ်တွေက လူမရှိရင် ပိုပျက်ဆီးသွားမှာ စိုးရိမ်နေကြတာ။ ညဘက်ဆို ကိုယ့်အိမ်မှာတော့ မအိပ်ရဲကြဘူး။ ခုလောလောဆယ်က ဘုန်းကြီးကျောင်းမှာ အိပ်တယ်။ တချို့ကလဲ လူတွေစုပြီး အိပ်နေကြတယ်" ဟု ပြောသည်။

စစ်ကော်မရှင်တပ်က စစ်ဘေးရှောင်များ ကျေးရွာတွင် ပြန်လာနေထိုင်ကြရန် ဖိအားပေးလျက်ရှိပြီး ပြန်လည်နေထိုင်ခြင်းမပြုသည့် နေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်သည့် နေအိမ်အဖြစ် သတ်မှတ်၍ မီးရှို့ဖျက်ဆီးသွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။

စစ်ကော်မရှင်တပ်

ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာမှ ရာဖူး၊ ကျွဲသလင်းနှင့် လော့သိုင်းကျေးရွာဘက်သို့ ယနေ့အထိ စစ်ကော်မရှင်တပ်က တောက်လျှောက် စစ်ကြောင်းထိုးလျက်ရှိသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေသည့် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းတလျှောက်နေထိုင်သူများကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေလည်း ရှိသည်။

July 8, 2026
မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ...
July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...