ချင်းအချင်းချင်း ညှိနှိုင်းမရလို့ မီဇိုရမ်က အဖွဲ့ပေါင်းစုံ ဝင်ညှိနှိုင်းပေးနေရတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ပြော

ချင်းအချင်းချင်း ညှိနှိုင်းမရလို့ မီဇိုရမ်က အဖွဲ့ပေါင်းစုံ ဝင်ညှိနှိုင်းပေးနေရတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ပြော

ချင်းအချင်းချင်း ညှိနှိုင်းတိုင်ပင်လို့ မရလို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်က အဖွဲ့ပေါင်းစုံ ဝင်ညှိနှိုင်းပေးနေရတယ်လို့ NLD ပါတီအစိုးရခေတ် (၂၀၁၆-၂၀၂၁)မှာ ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဆလိုင်းလျန်လွယ်က စက်တင်ဘာလ (၆) ရက်နေ့မှာ ပြုလုပ်တဲ့ ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ စစ်ဆင်ရေး ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်မှာ အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

ဆလိုင်းလျန်လွယ်က "အခုကျ နော်တို့မှာ ချင်းအချင်းချင်းညှိနှိုင်းတိုင်ပင်လို့မရလို့ ကျနော်တို့ရဲ့ အတွေးအခေါ်၊ ကျနော်တို့ရဲ့ ခံယူချက်က ဒီလို ဖြစ်နေလို့ အခုအိန္ဒိယနိုင်ငံမှာရှိတဲ့ ကျနော်တို့ ညီအကို မီဇိုပြည်သူတွေ NGO အဖွဲ့အစည်းတွေ အစိုးရက ဦးဆောင်တဲ့ အဖွဲ့အစည်း advocacy Team က ကျနော်တို့ ခေါ်တယ်။ ညှိနှိုင်းတယ်။ ဆွေးနွေးတယ်။ အကြိမ်ကြိမ် ဆွေးနွေးတယ်။ အဖွဲ့အစည်းတွေလည်းစုံ နေပြီ” လို့ ပြောပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ အုပ်စုနှစ်စုဖြင့် ကွဲပြီး အချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားလာမှုနဲ့ ပတ်သက်ပြီး မီဇိုရမ်အစိုးရနှင့် အရပ်ဖက်အဖွဲ့များက ညှိနှိုင်းပေးသော်လည်း လက်တွေ့တွင် အဆင်မပြေခဲ့ကြောင်း၊ ယခုလက်ရှိ မီဇိုရမ်ခရစ်ယာန်အသင်းချုပ်ကလည်း ပါဝင်ညှိနှိုင်းနေပြီး အကယ်၍ အဆင်မပြေပါက လက်နက်ကိုင်များအရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များအရေးများနဲ့ ပတ်သက်ပြီး နောက်ဆုံးမီဇိုရမ် ဒေသခံပြည်သူများကို အပ်နှံရန်သာ ရှိတော့တယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်က ထည့်သွင်းပြောကြားပါတယ်။

ဆလိုင်းလျန်လွယ်က "အခု ဘယ်လောက်ထိဖြစ်ပြီလဲဆိုရင် မီဇိုရမ်ခရစ်ယာန်ပေါင်းစုံအဖွဲ့က ခေါ်ပြီးတော့ ညှိနှိုင်းပေးနေတယ်။ သူတို့ ပြောတာက မီဇိုရမ်ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့ မီဇိုရမ်ပြည်နယ်ရဲ့လူဦးရေ ထက်၀က်ကျော်၊ ၇၅ ရာခိုင်နှုန်းရှိတယ်တဲ့။ ကျနော်တို့ ညှိနှိုင်းလို့မရရင်တော့ ပြည်သူလက်ထဲကို အပ်ဖို့ပဲ ရှိတော့တယ်တဲ့” လို့ ပြောပါတယ်။

တော်လှန်ရေး ကနဦးပိုင်းက ဖွဲ့စည်းခဲ့တဲ့ ICNCC အနေဖြင့်သာ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး တစ်ညီတစ်ညွတ်တည်း တော်လှန်‌ရေးကိုလည်း ဆင်နွှဲရန် မေတ္တာရပ်ခံမှုမျိုး ရှိခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေရာကစပြီး ယခင်မိမိတို့ စိုးရိမ်ထားသည့်အတိုင်း အချင်းချင်းကြား တိုက်ခိုက်မှု၊ ပွတ်တိုက်မှုများကို မျက်ဝါးထင်ထင်တွေ့လာရတယ်လို့လည်း ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်က ပြောပါတယ်။

May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...