စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီမှာ တစ်လ အတွင်း အရပ်သား ၃၅ ဦး သေဆုံး

စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီမှာ တစ်လ အတွင်း အရပ်သား ၃၅ ဦး သေဆုံး
Photo credit - CJ
Photo credit - CJ

စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ သြဂုတ်လတစ်လ အတွင်း အရပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦး၊ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အရပ်သားသေဆုံးမှုမှာ ကလေးငယ် သုံးဦး၊ အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ၁၈ ဦး နဲ့ ကျား၊ မ မသိရသူ ၆ဦး ပါဝင်ပါတယ်။ သြဂုတ်လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်နေတာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုကလည်း ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ အများဆုံး ဖြစ်ပြီး အစုလိုက်အပြုံ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၅ခုနှစ်၊ ဩဂုတ်လ တစ်လအတွင်း လွိုင်ကော်၊ ဒီးမော့ဆို ၊ ဘောလခဲ ၊ ဖရူဆို ၊ ဘောလခဲ ၊ ဖယ်ခုံ စတဲ့ မြို့နယ်အလိုက်မှာ စစ်ကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း KnHRG က ပြောထားပါတယ်။ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု ၁၃ ကြိမ် ၊ မိုင်းနင်းမိခြင်း ၁ ကြိမ် ၊ ဖမ်းဆီးခံရခြင်း ၁ ကြိမ် ၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ၁ ကြိမ် ဖြစ်ပါတယ်။

ရှမ်း-ကရင်နီနယ်စပ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စလို့ တစ်ဖန်ပြန် မြင့်တက်လာတဲ့စစ်ရေး အခြေအနေကြောင့် ကရင်နီပြည်တွင်း အရပ်သားတွေရှိရာကို လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကော်မရှင်က ပိုမို လုပ်ဆောင် လာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မြို့နယ်ရရှိရေးအတွက် စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူတွေ ထပ်မံရွေ့ပြောင်းနေရဆဲဖြစ်ပြီး ဇူလိုင်လ နဲ့ ဩဂုတ်လအတွင်း ရွေ့ပြောင်းသူ နှစ်သိန်းခန့် ရှိလာပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အမိုးအကာ လိုအပ်မှု အမြင့်မားဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ KnHRG က ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးမှုနဲ့ အခြားတိုက်ခိုက်မှုကြောင့် ကရင်နီပြည်တွင်း စစ်ဘေးရှောင်လူဦးရေ ဆက်လက် မြှင့်တက်နေပြီး နယ်စပ်ဖြတ်ကျော်လမ်းကြောင်းအပါအဝင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆောင်ရွက်ညှိနှိုင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံလိုကြောင်း KnHRG က တစ်ပါတည်း တောင်းဆိုထားပါတယ်။

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...